လက်ရှိစမတ်ဖုန်းလောကထဲမှာ OPPO ရဲ့ 65W SuperVOOC Flash Charging နည်းပညာက အမြန်ဆန်ဆုံးနည်းပညာတစ်ခုလို့ပြောရမှာပါ။ လောလောဆယ်မှာ အဆိုပါ Charging နည်းပညာကို OPPO Reno Ace ၊ Ace2 ဖုန်းတွေနဲ့ Reno4 Series ဖုန်းတွေမှာပဲ အသုံးပြုထားသေးတာဖြစ်ပါတယ်။

အခုလည်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ishan Agarwal ကနေ ပိုမြန်တဲ့ Charging နည်းပညာတစ်ခုကို တခြားကုမ္ပဏီတစ်ခုကနေ မိတ်ဆက်လာမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒါကတော့ realme ကုမ္ပဏီကနေ 100W နဲ့အထက် Fast Charging နည်းပညာကို ဆောင်ရွက်နေပြီး ယခုလအတွင်းမှာ မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

realme မှာလည်း လောလောဆယ်မှာ SuperDart လို့ နာမည်ပေးထားတဲ့ 65W Fast Charging နည်းပညာရှိနေပြီးသားဖြစ်ပြီး ယခုထွက်ရှိလာမယ့် 100W+ Fast Charging နည်းပညာကိုတော့ Ultra Dart လို့ နာမည်ပေးထားမယ်လို့ သိရပါတယ်။ အဆိုပါ နည်းပညာဟာ 4000mAh Battery ရဲ့ အား ၃ ပုံ ၁ ပုံ (၃၃ ရာခိုင်နှုန်းဝန်းကျင်) ကို ၃ မိနစ်အတွင်း ပြန်လည်အားဖြည့်နိုင်မှာလည်းဖြစ်ပါတယ်။ လုံးဝ 0-100% အပြည့်ကိုတော့ ၁၀ မိနစ်အတွင်း အားဖြည့်နိုင်မှာဖြစ်ပါတယ်။

အဆိုပါ Ultra Dart Fast Charging နဲ့ပတ်သက်ပြီး ဓါတ်ပုံတစ်ပုံပါ ပေါက်ကြားလာခဲ့ပြီး အဆိုပါ ဓါတ်ပုံအရ “11660mAh” လို့ ဖော်ပြထားတဲ့အတွက် 120W နှုန်းနဲ့ အားသွင်းမယ်လို့ယူဆရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း realme ရဲ့ Former Vice President ဖြစ်တဲ့ Xu Qi ကနေ 100W Fast Charging တောင်မှ နှေးကွေးနေသေးတယ်လို့ ပြောကြားခဲ့တဲ့အတွက် ဒီလိုမျိုး 120W Ultra Dart Fast Charging က ပိုပြီးဖြစ်နိုင်ခြေများနေပါတယ်။

လောလောဆယ်မှာ Xiaomi နဲ့ Vivo တို့ကနေ 100W Fast Charging နည်းပညာတွေကို အသီးသီးပြသထားပြီး ဖြစ်သလိုအခုလည်း realme ကနေ အမြန်ဆုံး 120W Charging စနစ်ကို အရင်ဆုံးပြသနိုင်တော့မှာပါ။

Ref – Gizmo China