ကာလကြာရှည်သတင်းထွက်နေတဲ့ Redmi 9 ကို Xiaomi ရဲ့ Global RF certification စာမျက်နှာမှာ တွေ့မြင်ရပြီဖြစ်ပါတယ်။ Redmi 8 ကို ဖြန့်ချိပြီးတဲ့နောက် ၆ လကျော် အချိန်ကာလအတွင်းမှာ သူ့ကိုဆက်ခံမယ့် မျိုးဆက်သစ်ဖုန်းကြောင်း ပြောခဲ့ကြပေမယ့် မရေမရာတွေပဲ ဖြစ်နေခဲ့ကြတာပါ။

လွန်ခဲ့တဲ့ မတ်လကုန်တုန်းကတော့ Redmi 9 လို့ ယူဆရတဲ့ ဟန်းဆက်တစ်ခုရဲ့ ဓါတ်ပုံကို အွန်လိုင်းပေါ်မှာ တွေ့ခဲ့ကြရပါတယ်။ ထွက်ပေါ်လာတဲ့ ဓါတ်ပုံဟာ Redmi 9 လို့ အတိအကျပြောနိုင်တဲ့ အထောက်အထားမရှိတာကြောင့် ဒီသတင်းဟာ နောက်ဆက်တွဲမရှိတော့ဘဲ ငြိမ်သက်သွားခဲ့ရပါတယ်။

အခုတော့ Xiaomi ရဲ့ တရားဝင်စာမျက်နှာမှာ မော်ဒယ်နံပါတ် M2004J19G နဲ့ မြင်တွေ့လာရပြီဖြစ်ပါတယ်။ ဒီမော်ဒယ်နံပါတ်ဟာ 3C မှာလည်း 10W charger နဲ့အတူ စာရင်းဝင်ထားတာပါ။ Redmi 8 နဲ့ ဈေးသက်သာတဲ့ 8A နှစ်မျိုးစလုံးကတောင် 18W အားသွင်းစနစ်ကို ထောက်ပံ့ထားတဲ့အတွက် 10W ဆိုတာကတော့ တော်တော်လေးကို နားလည်ရခက်တဲ့ အဆင့်နှိမ့်ချမှုတစ်ခုလို့ပဲ ဆိုရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ 4G ဟန်းဆက်တွေအတွက်တော့ အံ့အားသင့်စရာ လို့ မဆိုနိုင်ပါဘူး။ ထွက်ပေါ်ထားခဲ့တဲ့ ပေါက်ကြားသတင်းတွေကတော့ ကျောဘက်မှာ ကင်မရာ လေးလုံးတပ်ဆင်ထားပြီး 13MP အဓိကကင်မရာ၊ 8MP Ultra-wide, 5MP macro ကင်မရာ၊ 2MP depth sensor တွေ ပါဝင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Redmi 9 ဟာ 6.6-inch မျက်နှာပြင်နဲ့ဖြစ်ပြီး Helio G70 chipset အသုံးပြုထားမယ်လို့လည်း သိရပါတယ်။

Ref: GSM Arena