Redmi က 200W ကျော်တဲ့ Fast Charging ကို ကြေညာပြီး ၄ လ အကြာမှာ 300W Fast Charging နည်းပညာကို ပြသလိုက်ပါတယ်။ Redmi ရဲ့ 300W Fast Charging ဟာ ဖုန်း ၁ လုံးကို ၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Redmi introduces 300W fast charging which fills a phone battery in 5 minutes

Redmi က 4,100mAh ဘက်ထရီ ပါတဲ့ Redmi Note 12 Discovery စမတ်ဖုန်းကို အသုံးပြုကာ အားသွင်းပြခဲ့တာ ဖြစ်ပါတယ်။ ၅၀ ရာခိုင်နှုန်း ရောက်ဖို့ ၂ မိနစ်နဲ့ ၁၁ စက္ကန့်ကြာပြီး ၅ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တာကို တွေ့ရပါတယ်။

Redmi က အဲဒီ သရုပ်ပြ ဗီဒီယိုကို တရုတ် လူမှုကွန်ရက် ဝီဘိုမှာ တင်ထားတာ ဖြစ်ပြီး Adapter မှာ Double GaN နည်းပညာ ထည့်သွင်းထားပါတယ်။ အရွယ်အစား သေးငယ်ပြီး 50 Safety Protection ပါတယ်လို့ Redmi က ပြောပါတယ်။ Redmi က 300W Fast Charging ပါတဲ့ စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

အရင်ကတော့ စမတ်ဖုန်းတွေရဲ့ ဘက်ထရီ နည်းပညာဟာ သိပ်မတိုးတက်သေးဘဲ စမတ်ဖုန်း ၁ လုံးကို အားသွင်းဖို့ နာရီနဲ့ချီကာ အချိန်ယူရပါတယ်။ အခုတော့ အားသွင်းနည်းပညာတွေ တိုးတက်လာပြီး စမတ်ဖုန်း ၁ လုံးကို အားသွင်းဖို့ မိနစ်ပိုင်းပဲလိုပါတော့တယ်။

Ref : gsmarena