Redmi K30 စီးရီးအတွက် အဖွဲ့ဝင်သစ်အဖြစ် K30 5G Racing Edition (Speed Edition) ကို တရားဝင် မိတ်ဆက်လာခဲ့ပါပြီ။ ဒီဖုန်းဟာ အခုလေးတင်မိတ်ဆက်ကြေညာလာတဲ့ Snapdragon 768G ချစ်ပ်ဆက်ကို အသုံးပြုထားတဲ့ ပထမဆုံးဟန်းဆက်လည်းဟုတ်ပါတယ်။

Snapdragon 768G ချစ်ပ်ဆက်အသစ်ဟာ 765G ရဲ့ CPU နဲ့ GPU ပိုမြန်အောင် တိုးမြှင့်ထားတဲ့ ဗားရှင်းဖြစ်ပါတယ်။ ချစ်ပ်ဆက်အသစ်နဲ့ Mint Green ကာလာအသစ်ကလွဲရင်တော့ ကျန်တဲ့အပိုင်းတွေမှာ Redmi K30 5G ဟန်းဆက်နဲ့ အတော်လေးဆင်တူတာကို တွေ့ရမှာပါ။

Redmi K30 5G Racing Edition မှာ 6.67” IPS Display အသုံးပြုထားပြီး ဘဲဥပုံ Punch-hole ထဲမှာ 20MP + 2MP Depth Sensor ကို ဆဲလ်ဖီးကင်မရာအတွဲအဖြစ် ထည့်သွင်းထားပါတယ်။ နောက်ဘက်မှာ 64MP အဓိကကင်မရာကို 8MP Ultrawide နဲ့ 5MP Macro Sensor တို့ဖြင့် တွဲဖက်ထားပါတယ်။ ဘက္ထရီက 4,500 mAh ဖြစ်ပြီး 30W အားသွင်းစနစ် ပါဝင်တယ်။

Redmi K30 5G Racing Edition ကို တရုတ်ဈေးကွက်မှာ ကြိုတင်မှာယူနိုင်နေပြီဖြစ်ပြီး 6/128GB ဗားရှင်းအတွက် ယွမ် ၂၀၀၀ (မြန်မာငွေ လေးသိန်းနီးပါး) သာကျသင့်မှာပါ။ တရုတ်ဈေးကွက်ထဲကို မေလ ၁၄ ရက်နေ့က စပြီးဖြန့်ချိမှာ ဖြစ်ပါတယ်။

Ref – GSMArena