Huawei ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းတွေအပြင် Laptop တွေကိုပါ အမြောက်အများထုတ်လုပ်နေပြီဖြစ်ပါတယ်။ မကြာခင်မှာလည်း Huawei Display နာမည်နဲ့ Monitor တွေကို မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

ဒီလိုမျိုး Monitor တွေအပြင် Desktop PC စျေးကွက်ကိုပါ Huawei အနေနဲ့ ပထမဆုံးအကြိမ်ဝင်ရောက်လာမှာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း ပါဝင်တဲ့ Specification တွေပေါက်ကြားခဲ့ပါသေးတယ်။ အခုလည်း Render ဓါတ်ပုံတွေပါထွက်ပေါ်လာပြီလို့ သိရပါတယ်။

အခု Huawei ရဲ့ ပထမဆုံးသော Desktop PC ဟာ Quingyun W510 လို့ ခေါ်ဆိုသွားမှာဖြစ်ပြီး Foxconn ကနေ ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Desktop PC ဟာ Huawei ရဲ့ Developer Website မှာထွက်ပေါ်လာတဲ့အတွက် ပုံမှန် Consumer တွေအနေနဲ့ ဝယ်ယူဖို့လွယ်ကူမှာတော့မဟုတ်ပါဘူး။

အစောပိုင်းထွက်ရှိထားတဲ့သတင်းတွေအရ Quingyun W510 Desktop PC ဟာ Huawei ရဲ့ ကိုယ်ပိုင် 2.4GHz Kunpeng 920 3211K 24-Core CPU ကို အသုံးပြုထားပြီး Motherboard မှာ အသေတပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဖြစ်နိုင်ခြေများတာကတော့ Windows OS အစား တရုတ်နိုင်ငံတွင်း OS တွေအသုံးပြုဖို့ အစိုးရနဲ့ ပြည်တွင်းလုပ်ငန်းတွေအတွက် ဦးစားပေးထုတ်လုပ်ထားတယ်လို့ ယူဆရပါတယ်။

ဒါပေမယ့်လည်း Huawei အနေနဲ့ အခုလိုမျိုး Desktop PC ကို ထုတ်လုပ်နေပြီဖြစ်တဲ့အတွက် မကြာခင်မှာ Consumer တွေအတွက်လည်း ထွက်ရှိလာဖို့ နီးစပ်နေပြီလို့ ပြောရမှာပါ။

Ref – Gizmo China