လက်ရှိမှာ ဗားရှင်းလေးမျိုး ရှိနေပြီဖြစ်တဲ့ Reno4 မိသားစုဝင် အသစ်တွေဟာ မကြာခင် ထပ်တိုးလာဖို့ ရှိနေပြီး Oppo က Reno4 Z 5G နဲ့ Reno4 Lite အမည်ရ မော်ဒယ်သစ်နှစ်မျိုးအတွက် အတည်ပြုချက်တွေ ရယူလာခဲ့ပါတယ်။

Oppo ဟာ Reno3 Z ကို မထုတ်လုပ်ခဲ့တာကြောင့် နောက်ဆုံးထွက်ရှိခဲ့တာဟာ Reno2 Z ဖြစ်ပါတယ်။ Reno4 Z 5G ဖုန်းဟာ မော်ဒယ်နံပါတ် CPH2065 ကို ယူဆောင်လာပြီး Bluetooth SIG မှာ အတည်ပြုချက် ရယူခဲ့ရာမှာ 6.57” HD+ Display, MediaTek အမှတ်တံဆိပ်နဲ့ 2.0 GHz Octa-core ပရိုဆက်ဆာ (Dimensity 720 သို့မဟုတ် Dimensity 800 ချစ်ပ်ဆက် ဖြစ်နိုင်) တို့နဲ့အတူ 4,000 mAh ဘက္ထရီ၊ Dual-Band Wi-Fi တို့ ပါဝင်ကာ ColorOS 7.1 အသုံးပြုထားပါတယ်။

တူညီတဲ့ ဟန်းဆက်ဟာ FCC အတည်ပြုချက်လည်း ရယူခဲ့ပြီး သူ့မှာပါလာတဲ့ ပုံရိပ်က Oppo A92s နဲ့တူညီတဲ့ Quad-cam တစ်ခုကို ဖော်ပြလာပါတယ်။ ဒါ့ကြောင့် ဒီဖုန်းဟာ Oppo A92s ကို အမှတ်တံဆိပ် ပြောင်းလဲပြီး မတူညီတဲ့ စျေးကွက်ကို မိတ်ဆက်လာတာလည်း ဖြစ်နိုင်ပါတယ်။

Reno4 Lite ကတော့ မော်ဒယ်နံပါတ် CPH2125 နဲ့ Bluetooth SIG အတည်ပြုချက် ရယူထားပြီး 6.43” HD+ Display, MediaTek 2.0 GHz Octa-core CPU, 4000 mAh ဘက္ထရီ တို့ပါဝင်ကာ ColorOS 7.2 အသုံးပြုထားပါတယ်။ Reno4 Z 5G နဲ့ မတူတာကတော့ နာမည်အတိုင်းပဲ 5G မပါပါဘူး။ ဒါကြောင့် စျေးကတော့ အတော်လေး သက်သာမယ်လို့ ယုံကြည်ရပါတယ်။

Ref – GizmoChina