အီရတ် နိုင်ငံ မိုဆူးမြို့က White Fox စားသောက်ဆိုင်မှာ စက်ရုပ်တွေဟာ အစားအစာတွေကို စားသုံးသူတွေထံ ပို့ဆောင်ပေးနေပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း စစ်ဒဏ်ကြောင့် ထောင်းထောင်းကြေခဲ့တဲ့ မိုဆူးမြို့မှာ စက်ရုပ်တွေကို မြင်ရတာ ထူးထူးဆန်းဆန်း ဖြစ်နေပါတယ်။

ပိုထူးဆန်းတာက အဲဒီ စားပွဲထိုး စက်ရုပ်တွေကို အီရတ်က ပညာရှင်တွေ ဖန်တီးထားတာပါ။ မိုဆူး တက္ကသိုလ် Mechatronics ဌာနမှ လူငယ်တွေက Software ကို ဖန်တီးတာနဲ့ White Fox ပိုင်ရှင်အတွက် Server ကို တည်ဆောက်တာတွေအပါအဝင် System ၁ ခုလုံးကို Program ရေးဆွဲထားပါတယ်။

Robot waiters take Iraq's Mosulites back to the future

White Fox စားသောက်ဆိုင် ပိုင်ရှင် Rami Chkib က “ ဒီ အိုင်ဒီယာကို Lockdown ကာလမှာ ရခဲ့တာ ဖြစ်ပြီး မိုဆူး ပြည်သူတွေကို အတွေ့အကြံ အသစ်တွေ ပေးချင်ပါတယ်။ ဒီ အိုင်ဒီယာကို ကမ္ဘာအဝန်းက တချို့ စားသောက်ဆိုင်တွေမှာလည်း ဖန်တီးထားကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စားပွဲထိုး စက်ရုပ်တွေနဲ့ ကွဲပြားပါတယ်။ မတူညီတဲ့ စားသောက်ဆိုင်တွေက စားပွဲထိုး စက်ရုပ် စနစ် ၃ ခုကို ပေါင်းစပ်ထားပါတယ်။ စားပွဲတွေမှာ ထိတွေ့မျက်နှာပြင်တွေ တပ်ဆင်ထားပြီး စားသုံးသူတွေဟာ အဲဒီ ကနေ အစားအစာတွေ မှာယူနိုင်ပါတယ်။ အဲဒီနောက်မှာ စားပွဲထိုး စက်ရုပ်က စားသုံးသူတွေဆီ အစားအစာတွေကို ပို့ဆောင်ပေးပါတယ်။“ လို့ ပြောပါတယ်။

မိုဆူးမြို့ခံတွေက အဲဒီ စက်ရုပ်တွေကို သဘောကျနေကြပါတယ်။ Bashar Mahmud ဆိုသူက “ ဒီစက်ရုပ်တွေဟာ မိုဆူးမြို့ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေပါတယ်။ နိုင်ငံခြားကို ကျွန်တော်ခရီးသွားဖူးပါတယ်။ တူရကီ၊ ဂျော်ဒန်နဲ့ ဆော်ဒီအာရေးဗီးယားမှာ ဒါမျိုး မတွေ့ဖူးပါဘူး။ “ လို့ ပြောပါတယ်။

Ref : euronews