Foldable စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချတဲ့ ကမ္ဘာ့ ပထမဆုံး ကုမ္ပဏီဟာ Samsung သို့မဟုတ် Huawei လို့ ထင်နေရင်တော့ မှားသွားမှာပါ။ အဲဒီ ကုမ္ပဏီက တရုတ် အခြေစိုက် Royole ဖြစ်ပါတယ်။ ဒါပေမယ့် Royole ရဲ့ ပထမမျိုးဆက် Flexpai Foldable ဖုန်းကို တရုတ်မှာပဲ ရောင်းခဲ့တဲ့အတွက် နိုင်ငံတကာမှာ မသိခဲ့ကြပါဘူး။ အခုတော့ Royole က ဒုတိယမျိုးဆက်  Flexpai 2 Foldable စမတ်ဖုန်းကို ကြေညာလိုက်ပြီး မျက်နှာပြင်နဲ့ Hinge ပိုကောင်းလာသလို မျက်နှာပြင်လည်း အရွယ်ပိုကြီးလာပါတယ်။

မတ်လမှာ အဲဒီဖုန်းကို အကြိုကြေညာခဲ့ပေမယ့် အခုမှ Specs အပြည့်အစုံနဲ့ ဈေးကို သိလာရတာပါ။ အဲဒီဖုန်းမှာ Snapdragon 865 , UFS3.0 Storage နဲ့ LPDDR5 RAM တွေ ပါတယ်ဆိုတာ အရင်ကတည်းက သိပြီးသားပါ။ အလန်းစား လုပ်ဆောင်ချက်တွေ ပါတဲ့အတွက် Royole က Flexpai 2 ဟာ Huawei Mate Xs နဲ့ Samsung Galaxy Z Fold2 တို့ထက် ပိုသာတယ်လို့တောင် ညွှန်းထားပါတယ်။

Flexpai 2 မှာ အပြင်ဘက်ကို ခေါက်ချိုးရတဲ့ မျက်နှာပြင် ပါလာပြီး ၁၈၀ ဒီဂရီ ခေါက်ချိုးနိုင်ပါတယ်။ အကြိမ်ပေါင်း ၁၈ သန်းကျော် ခေါက်ချိုးပြီးရင်တောင် ခေါက်ချိုးရာ မပေါ်ဘူးလို့ ကုမ္ပဏီက ပြောပါတယ်။ Specs အကြောင်း ပြောရရင် ဖြန့်ထားချိန်မှာ ၇.၈ လက်မ မျက်နှာပြင် အရွယ်အစားရှိပြီး 1440p Resolution ရှိပါတယ်။ ခေါက်ချိုးထားရင် အရှေ့ဘက် မျက်နှာပြင်က ၅.၅ လက်မနဲ့ အနောက်ဘက် မျက်နှာပြင်က ၅.၄ လက်မ ဖြစ်ပါတယ်။

Android 10 အခြေပြု Royole ရဲ့ WaterOS 2.0 အုပ်ထားပြီး အလုပ်အတွက် အသုံးဝင်တဲ့ Multitasking လုပ်ဆောင်ချက်တွေ ထည့်ပေးထားပါတယ်။ ဘယ်ဘက်ခြမ်းမှာ ကင်မရာ ၄ လုံးပါလာပြီး 16MP Ultrawide , 8MP Telephoto (3x Optical Zoom ) , 64MP Main နဲ့ 32MP Portrait (ဆဲလ်ဖီးအတွက်) ကင်မရာတွေ ဖြစ်ပါတယ်။ ဖုန်းကို ခေါက်ချိုးပြီး တခြား သူကို ဓါတ်ပုံ ရိုက်ပေးတဲ့ အခါမှာ အဲဒီလူက  မျက်နှာပြင်ကနေ သူ့ပုံကို မြင်ရအောင် လုပ်ပေးထားတဲ့ လုပ်ဆောင်ချက်ကို ကင်မရာ App မှာ ထည့်ပေးထားပါတယ်။

5G ဆက်သွယ်မှု ပါလာပြီး WiFi6 , Bluetooth 5.1 နဲ့ USB-C 3.1 တွေ ထောက်ပံ့ထားပါတယ်။ Quick Charge 4.0 နဲ့ 18W ထောက်ပံ့တဲ့ 4,450mAh ဘက်ထရီ ပါလာပြီး ဒီလ ၂၅ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။ Silver, Black နဲ့ Gold ၃ ရောင်ထုတ်လုပ်ထားပြီး 8/256GB ကို ၉,၉၈၈ ယွမ်နဲ့ 12/512GB ကို ၁၁,၅၈၈ ယွမ်  သတ်မှတ်ထားပါတယ်။ ၁၉ သိန်း ၄ သောင်းနဲ့ ၂၂ သိန်းခွဲလောက် အသီးသီး တန်ကြေးရှိတဲ့အတွက် ဒီဇိုင်းလန်းသလို ဈေးကလည်း မြောက်ပါတယ်။

Ref : gsmarena