Samsung ရဲ့ Galaxy Note20 Series တွေကို ဒီလထဲမှာ စတင် ရောင်းချပေးခဲ့ပြီး အခုတော့ ဗြိတိန်မှာ ကြိုတင်မှာယူခွင့်ပေးလိုက်ပါပြီ။ ဗြိတိန်မှာ Galaxy Note20 Series ဟာ  အရင်နှစ်ထုတ် Galaxy Note10 Series ထက် ကြိုတင်မှာယူမှု အရေအတွက်မှာ ရောင်းအား ၄၉ ရာခိုင်နှုန်း ပိုများနေပြီး စံချိန်တင် ရောင်းချနေရတယ်လို့ Samsung က ဂုဏ်ယူစွာ သတင်းထုတ်ပြန်လိုက်ပါတယ်။ Samsung က Galaxy Note20 နဲ့ Note20 Ultra ရဲ့ ဗြိတိန်က ရောင်းအား အသေးစိတ်ကို မပြောသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတွေအရ တရုတ်က JD.com မှာ Galaxy Note20 Ultra ဟာ Note20 ထက် ရောင်းအား ပိုကောင်းနေတယ်လို့ သိရပါတယ်။

Galaxy Note20 Series ထဲမှာ ရောင်းအား အလန်းဆုံးနဲ့ လူကြိုက်အများဆုံး ဖြစ်နေတာက Mystick Bronze အရောင် ဖြစ်ပြီး စုစုပေါင်း ရောင်းအားရဲ့ ၄၆ ရာခိုင်နှုန်းတောင် ရှိပါတယ်။ Samsung UK ရဲ့ ဒုတိယဥက္ကဌ Conor Pierce က “ Note Customers တွေဟာ သစ္စာအရှိဆုံး သူတွေထဲမှာ ပါပြီး ဒီလို စွမ်းရည်မြင့် Note20 Series ရောင်းအားကောင်းနေတာ ကျေနပ်အားရမိပါတယ်။ Galaxy Note10 Plus ဟာ ဗြိတိန်မှာ ရောင်းတဲ့ ကျွန်တော်တို့ရဲ့ ပထမဆုံး 5G စမတ်ဖုန်း ဖြစ်ပြီး အနာဂတ်မှာလည်း နောက်ဆုံးပေါ် 5G ဆက်သွယ်မှု နည်းပညာတွေကို ဖန်တီးပေးမှာပါ။ “ လို့ ပြောပါတယ်။

Galaxy Note20 Series ဟာ စွမ်းရည်အမြင့်ဆုံး Note Series တွေဆိုတာ ပြောစရာတောင် မလိုပါဘူး။ ကွန်ပြူတာ ၁ လုံးလိုတောင် သုံးနိုင်ပြီး ပရော်ဖက်ရှင်နယ်တွေလို ဂိမ်း ကစားနိုင်ပါတယ်။ Galaxy Note20 Ultra 5G က စွမ်းရည်ပိုလန်းတာလည်း အားလုံး သိကြမှာပါ။ Galaxy Note20 အတွက်တော့ 4G နဲ့ 5G မော်ဒယ် ၂ မျိုးထုတ်လုပ်ပေးထားပါတယ်။

Ref : Samsung