အခုအချိန်မှာ OnePlus Nord ဟာ မကြာခင်ထွက်ပေါ်လာမယ့် ဈေးကွက်ဦးဆောင် Mid-range ဖုန်းတစ်လုံးအဖြစ် နာမည်ကြီးနေပေမယ့် Samsung ရဲ့ Galaxy Note 20 စီးရီးကလည်း မကြာခင်ထွက်ပေါ်လာမယ့် ဈေးကွက်ဦးဆောင် Flagship စီးရီးအဖြစ် ရေပန်းစားနေပါတယ်။

ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ Galaxy Note 20 စီးရီးကို လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ ပွဲထုတ်မယ်လို့ ရေးသားဖော်ပြနေကြပေမယ့် တကယ်တမ်းမှာတော့ ကုမ္ပဏီဘက်က အတည်ပြုထားခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။ အခုအတည်ပြုလိုက်တာကလည်း Unpacked Event မှာ ပွဲထုတ်သွားမယ့် အခြားထုတ်ကုန်တွေအကြောင်းပါပဲ။

Samsung ရဲ့ Versatile head Tae-moon Roh က ပြီးခဲ့တဲ့ရက်ကပဲ ဘလော့မှာ သတင်းအတိုအစလေးတွေ တင်ပေးခဲ့ပါတယ်။ အဲဒါကတော့ ကုမ္ပဏီအနေနဲ့ Galaxy Unpacked Event မှာ ထုတ်ကုန်ငါးမျိုးကို ကြေညာမယ်ဆိုတာပါပဲ။ “ဒီနွေရာသီ Galaxy Unpacked မှာ ကျွန်တော်တို့ဟာ စွမ်းဆောင်ရည်မြင့် Device သစ် ၅ ခုကို မိတ်ဆက်မယ်” လို့ ဆိုခဲ့တာပါ။

မှတ်ချက်အနေနဲ့ “နား၊ ဒါမှမဟုတ် လက်ကောက်ဝတ် မှာလည်း ဒီထုတ်ကုန်သစ်ကရှိနေမယ်” ဆိုတဲ့အဓိပ္ပါယ်ရတဲ့စကားကိုလည်း ပြောခဲ့ပါတယ်။ ထုတ်ကုန်သစ်တွေရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် Foldable ဖုန်းသစ် ဖြန့်ချိမယ်ဆိုတဲ့ ထင်မြင်ချက်တွေအပေါ် အတည်ပြုသွားခဲ့ပါတယ်။

Galaxy Unpacked Event အတွက် သတင်းကြီးနေတာကတော့ Galaxy Z Flip 5G, Galaxy Z Fold 2 နဲ့ Galaxy Note 20 စီးရီး၊ Galaxy Watch 3 နဲ့ Galaxy Buds Live စတာတွေပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီလိုပွဲမျိုးမှာ Galaxy Tab နဲ့ Watch တွေကို ပွဲထုတ်လေ့ရှိပေမယ့် အခုအချိန်မှာတော့ သတင်းအစအနတောင် မကြားရတာ ဖြစ်ပါတယ်။

Ref: Gizmochina