Samsung ဟာ အခုအချိန်မှာ သူတို့ရဲ့ အမြန်ဆန်ဆုံး Fast Charging စနစ်ဖြစ်တဲ့ 45W Fast Charging ကို Flagship ဖုန်းတွေအတွက် ထုတ်ပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ Flagship နဲ့ High End ဖုန်းတွေမှာ 25W Fast Charging ပဲပါဝင်ပြီး Mid Range ဖုန်းအများအပြားမှာ 15W Charging ကိုပဲ Support ပေးနေတုန်းပဲဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Samsung ကနေ လက်ရှိ Chinese စမတ်ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်ဖို့အတွက် 65W Fast Charging စနစ်ကို စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ အဆိုပါ 65W Fast Charging စနစ်ဟာ လာမယ့် Galaxy S21 Series ဖုန်းတွေ သို့မဟုတ် Galaxy Note Series ဖုန်းသစ်တွေမှာ စတင်အသုံးပြုလာဖွယ်ရှိနေပါတယ်။

Samsung 65W Charger ရဲ့ Model Number ကို EP-TA865 လို့ ပေးထားပြီးတော့ လက်ရှိ 45W Charger ကိုလည်း EP-TA845 လို့ ပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung ကနေ 65W Charger ကို ဖုန်းနဲ့အတူ ထည့်သွင်းပေးမယ့်အစား 45W Charger လိုမျိုးပဲ သီးသန့်ရောင်းချလာနိုင်ပါတယ်။

လက်ရှိ 45W Fast Charging စနစ်ကိုလည်း Samsung Galaxy S20 Ultra ၊ Note 10+ နဲ့ Note 20 Ultra လိုမျိုးဖုန်းတွေပဲ Support ပြုလုပ်ပြီး သီးသန့်ဝယ်ယူရမှာဖြစ်တဲ့အတွက် အသုံးပြုသူနည်းပါးနေပါသေးတယ်။ လာမယ့် 65W Fast Charging စနစ်ကလည်း သီးသန့်ဝယ်ယူရမယ်ဆိုရင် Fast Charger ကိုထည့်သွင်းရောင်းချနေတဲ့ တခြားသော Chinese Flagship ဖုန်းတွေနဲ့ ယှဥ်ပြိုင်ဖို့ ခက်ခဲမှာပါ။

လောလောဆယ်မှာလည်း လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ OnePlus ကနေ 65W Fast Charging ပါဝင်တဲ့ OnePlus 8T ကို မိတ်ဆက်တော့မှာဖြစ်သလို Xiaomi လိုမျိုး ကုမ္ပဏီကလည်း 120W Fast Charging စနစ်ပါဝင်တဲ့ Mi 10 Ultra ဖုန်းကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။

Ref – Gizmo China