Samsung ဟာ သူ့ရဲ့ အရောင်းရဆုံးဖြစ်တဲ့ Galaxy A5x စီးရီးထဲမှာ နောက်ထပ်ဆက်ခံတဲ့မော်ဒယ်ကို မိတ်ဆက်ဖို့လမ်းကြောင်းပေါ်ရောက်နေပြီ ဖြစ်ပါတယ်။ အစောပိုင်းထွက်ပေါ်ခဲ့တဲ့ ယိုစိမ့်မှုအတော်များများက ဒီဟန်းဆက်ရဲ့ ပုံစံဟာ ဘယ်လိုမျိုးလဲဆိုတာကို အရိပ်အမြွက်ပြောခဲ့နိုင်ပေမယ့် တရားဝင်ပုံရိပ်ကတော့ အခုမှထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Samsung Galaxy A52 5G ရဲ့ တရားဝင်ရုပ်ပုံကို ဖော်ပြလာတာကတော့ နာမည်ကျော် Evan Blass ပါပဲ။ အနက်ရောင်ကိုယ်ထည်နဲ့ ဒီဟန်းဆက်ဟာ တရားဝင်ရုပ်ပုံဖြစ်တယ်လို့ Leakster က အခိုင်အမာပြောသလို၊ ဒီဟန်းဆက်ဟာ 5G အမျိုးအစားဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ A52 5G ရဲ့ မျက်နှာပြင်ကတော့ အစောပိုင်းကောလာဟလတွေအတိုင်း Infinity-O အမျိုးအစား ဖြစ်ပါတယ်။

Evan Blass ရဲ့အဆိုအရ နောက်ထပ်အရောင်တွေအဖြစ် Denim Blue နဲ့ Icy White တွေလည်း ရွေးချယ်နိုင်ဦးမယ်လို့ သိရပါတယ်။ ကျောဘက်မှာတော့ Galaxy A51 နဲ့ ဆင်တူတဲ့ ကင်မရာလေးလုံးတပ်ဆင်ပုံကိုတွေ့နိုင်ပါတယ်။ ဒါကြောင့် Galaxy A52 5G ရဲ့ ဒီဇိုင်းဟာ အစဉ်အလာအတိုင်းဖြစ်ပြီး အများကြီးခွဲထွက်မနေဘူးလို့ပဲ ဆိုနိုင်ပါတယ်။

အခြားသိနိုင်တဲ့အချက်အလက်တွေအဖြစ် 3.5mm jack, Type-C port တို့ပါဝင်မှာကို သိရပါတယ်။ ညာဘက်ခြမ်းမှာတော့ Power နဲ့ Volume ခလုတ်တို့ကို နေရာချထားပါတယ်။ ကိုယ်ထည်ပေါ်မှာ Fingerprint Scanner အတွက်နေရာမရှိတာကြောင့် Under Display ဖြစ်ဖို့ မျှော်လင့်နိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစားက 6.5-inch ဖြစ်ပြီး sAMOLED အမျိုးအစား ဖြစ်ပါတယ်။

Galaxy A52 ဟာ 5G ရော 4G ဗားရှင်းပါ ထွက်ရှိဖို့ စီစဉ်နေတာကိုတွေ့ရပါတယ်။ ခန့်မှန်း Specs တွေကတော့ Snapdragon 720G/750G chipset, 6/8GB of RAM နဲ့ 128/256GB Storage အတွဲအဖက်တွေ ဖြစ်နိုင်ပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 64MP အဓိကကင်မရာ၊ 12MP ultra-wide, 5MP macro နဲ့ 5MP depth sensor တို့ ပါဝင်မယ်လို့ မျှော်လင့်ထားပါတယ်။ 15W charger နဲ့ဖြစ်ပြီး ခန့်မှန်းဈေးနှုန်း $450 ဝန်းကျင် (၆ သိန်း ဝန်းကျင်) ဖြစ်ပါတယ်။

Ref: Gizmochina