Samsung ဟာ လက်ရှိအချိန်မှာ Galaxy S22 Series လိုမျိုး Flagship စမတ်ဖုန်းတွေကိုလည်း မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထူးခြားတာကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လတုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy A52s စမတ်ဖုန်းဟာ ယခုနှစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွက် အရောင်းရဆုံး Android 5G ဖုန်းဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါသတင်းကို နာမည်ကြီး Market Research ကုမ္ပဏီတစ်ခုဖြစ်တဲ့ Counterpoint Research ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ Report အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွက် အရောင်းရဆုံး Android 5G ဖုန်းတွေထဲက နံပါတ် (၁) ကနေ (၄) အထိ Samsung ဖုန်းတွေပဲ နေရာယူထားခဲ့တာဖြစ်ပါတယ်။

Samsung Galaxy A52s စမတ်ဖုန်းက စျေးကွက်ရဲ့  ၂.၉ ရာခိုင်နှုန်းနဲ့ ပထမနေရာမှာရှိနေပြီး ဒုတိယနေရာမှာတော့ Samsung ရဲ့ အကောင်းဆုံး Flagship ဖုန်းဖြစ်တဲ့ Galaxy S22 Ultra 5G က စျေးကွက်ရဲ့ ၂.၈၇ ရာခိုင်နှုန်းနဲ့ နေရာယူထားတာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Galaxy S21 FE နဲ့ A32 5G တို့က အသီးသီးနေရာယူထားတာကို တွေ့ရပါတယ်။

ကျန်တဲ့ Android 5G စျေးကွက်ကိုတော့ Honor 60 ၊ Vivo S12 ၊ Redmi K40 နဲ့ Honor X30 ဖုန်းတွေက အသီးသီးရယူထားတာဖြစ်ပါတယ်။ အခုလိုမျိုး Samsung အနေနဲ့ 5G စမတ်ဖုန်းစျေးကွက်ကို ဦးဆောင်လာနိုင်တာက Galaxy A Series ဖုန်းတွေမှာ 5G Support ပေးလာတဲ့အပြင် Huawei ကလည်း 5G ဖုန်းတွေရောင်းချနိုင်ခြင်းမရှိတော့တာကြောင့်ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China