Samsung ရဲ့ Galaxy A5x စီးရီးရဲ့ မော်ဒယ်သစ်တွေဟာ တစ်နှစ်ထက်တစ်နှစ် ရောင်းအားတက်လာတာကိုတွေ့မြင်ရပြီး သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခုကို ပြသနေပါတယ်။ မကြာခင်ထွက်ပေါ်လာမဲ့ Galaxy A53 5G ကလည်း ရောင်းအားကောင်းလိမ့်ဦးမယ်လို့ မျှော်လင့်ရပြီး တိုးတက်ပြောင်းလဲမှုကို ဆက်ထိန်းထားဦးမယ်ဆိုတာ သေချာသလောက်ရှိနေပါတယ်။

Galaxy A53 5G ရဲ့ မျှော်မှန်း Renders တွေကတော့ မမြင်ချင်မှအဆုံးဖြစ်နေပါပြီ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်တုန်းကလည်း ဒီ Device ရဲ့ အချက်အလက်အချို့ကို Geekbench မှာ တွေ့ခဲ့ကြရပြီးဖြစ်မှာပါ။ အခုတစ်ခါတော့ 15W charger နဲ့အတူ Certified ဖြစ်လာတာကို ထပ်ပြီးတွေ့လာကြရတာ ဖြစ်ပါတယ်။

3C မှာတွေ့မြင်ရတာက 15W charger နဲ့ ဖြစ်တာကြောင့် အနည်းငယ်တော့ စိတ်ပျက်စရာဖြစ်ပါလိမ့်မယ်။ ဆိုလိုတာက Samsung ရဲ့ အရောင်းရဆုံး Galaxy A5x စီးရီးရဲ့ ထုတ်ကုန်သစ်ဟာ အများမျှော်မှန်းထားသလောက် မြန်တဲ့အားသွင်းနှုန်းကို သယ်ဆောင်လာမှာမဟုတ်တာပါပဲ။ ၂၀၂၂ မှာ မရတော့ဘူးလား၊ ဒါမှမဟုတ် နောက်တစ်နှစ်မှရလာမလားလို့ မေးခွန်းထုတ်ရတော့မှာပါ။

ပြီးခဲ့တဲ့နှစ်က Galaxy A52 5G, A52s 5G တို့ဟာ 25W အားသွင်းနှုန်းကို ပံ့ပိုးပေးတယ်ဆိုပေမဲ့ ဘူးထဲမှာတော့ 15W charger ကိုပဲ ထည့်သွင်းပေးထားခဲ့တာပါ။ ပြိုင်ဘက်အမှတ်တံဆိပ်တွေကတော့ ပိုပြီးမြန်ဆန်တဲ့ Charger တွေထည့်သွင်းပေးထားတာကြောင့် တောင်ကိုရီးယားကုမ္ပဏီကြီးအနေနဲ့ လာမဲ့နှစ်မှာ ဒီအချက်ကို မဖြစ်မနေပြင်ဆင်ဖို့လိုအပ်လာပါလိမ့်မယ်။

ကနဦး ပေါက်ကြားမှုတွေနဲ့ ကောလာဟလတွေအရ Samsung Galaxy A53 5G ဟာ Exynos 1200 SoC, 6GB of RAM, Android 12 နဲ့ဖြစ်သလို FHD+ resolution, 120Hz AMOLED မျက်နှာပြင်ကို တပ်ဆင်ထားမယ်လို့ သိရပါတယ်။ In-display fingerprint sensor ကို အသုံးပြုထားပြီး ကျောဘက်မှာလည်း ကင်မရာ လေးလုံးကို တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။ ပိုပြီးပြည့်စုံမှန်ကန်တဲ့ အချက်အလက်တွေသိရဖို့တော့ ရက်သတ္တပတ်အနည်းငယ် စောင့်ဆိုင်းရဦးမှာပါ။

Ref: GSM Arena