Samsung ရဲ့ Galaxy Buds+ တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ မိတ်ဆက်ခဲ့တာပါ။ ၂၀၂၀ မှာ မိတ်ဆက်လာတယ်ဆိုပေမယ့် ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ထားတဲ့ Galaxy Buds နဲ့ သိပ်ပြီး ကွာခြားလှတာ မရှိပါဘူး။ ဘက်ထရီနဲ့ စွမ်းဆောင်ရည် အနည်းငယ်မြင့်တက်လာတာလို့ ပြောနိုင်ပါတယ်။

Galaxy Buds+ ဟာ ဖုန်းခေါ်ဆိုမှုပြုလုပ်ချိန်မှာ ဆူညံသံတွေလျှော့ချပေးတဲ့ လုပ်ဆောင်ချက်တွေ ပိုပြီးအဆင့်မြင့်လာပါတယ်။ ဘက်ထရီအတွက်လည်း နားကြပ်တစ်ဖက်ချင်းစီအတွက် အချက်အလက်တွေကို Charging Case ကနေ ကြည့်နိုင်အောင် ထောက်ပံ့ပေးထားပါတယ်။

စတင်မိတ်ဆက်ချိန်မှာ Galaxy Buds+ ကို အနက်၊ အပြာနဲ့ အဖြူရောင် အဖြစ် အရောင် သုံးရောင်တွေ့ခဲ့ကြရပါတယ်။ မတ်လ ဒုတိယပတ်လောက်မှာတော့ အနီရောင်နဲ့ ပန်းရောင် အရောင်နှစ်မျိုးကို တောင်ကိုရီးယား ဈေးကွက်မှာ မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Aura Blue ဆိုတဲ့ အရောင်သစ်တစ်မျိုးကို ထပ်ပြီး မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။

Galaxy Buds+ Aura Blue အရောင်သစ်အကြောင်းကို Samsung က တရားဝင်ကြေညာသေးတာ မဟုတ်ပေမယ့် ပေါက်ကြားလာတဲ့ သတင်းရင်းမြစ်က Evan Blass ဖြစ်နေတာကြောင့် ရာခိုင်နှုန်းအပြည့်နီးပါး ယုံကြည်နိုင်တယ်လို့ ဆိုရပါမယ်။ ဒါပေမယ့်လည်း Aura Blue ကို ဘယ်အချိန်၊ ဘယ်ဈေးကွက်မှာ ဖြန့်ချိမယ်ဆိုတာတော့ မသိရသေးပါဘူး။

Galaxy Buds+ မှာ AKG-tuned 2way speakers (woofer + tweeter) ပါဝင်ပါတယ်။ ဒီ နားကြပ်တစ်ဖက်စီဟာ 85mAh ဘက်ထရီတစ်ခုစီနဲ့ဖြစ်ပြီး ၁၁ နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena