Samsung ရဲ့ Galaxy Chromebook တွေဟာ ပရီမီယံအဆင့် Chromebook တွေထဲမှာ ပါဝင်ပါတယ်။ ဒီနှစ်အစောပိုင်းတုန်းက CES 2020 မှာကြေညာခဲ့တဲ့ Chromebook ကလည်း သူ့ပရိသတ်နဲ့သူရှိနေပြီး အခုတော့ ဆက်ခံမယ့် Galaxy Chromebook2 ကိုလည်း မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းက နာမည်ကျော် Leakster Evan Blass ဆီကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အကြောင်းအရာက ထူးထူးခြားခြားမဟုတ်ပေမယ့် Galaxy Chromebook2 ဆိုတဲ့တရားဝင်နာမည်ကို ထုတ်ဖော်ပြသတာဖြစ်တဲ့အတွက် မျိုးဆက်သစ် Chromebook က သေချာပေါက်ထွက်လာမယ်လို့ ဆိုနိုင်တာပါ။

အခုအချိန်မှာ Galaxy Chromebook2 နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်နဲ့ ရုပ်ပုံတွေမရှိသေးပေမယ့် မကြာခင်ရောက်လာမယ့် CES မှာ ပြသမယ်လို့ မျှော်လင့်ရပါတယ်။ ပထမမျိုးဆက် Chromebook ဟာ 13.3-inch 4K AMOLED touch မျက်နှာပြင်နဲ့ဖြစ်ပါတယ်။ Intel ရဲ့ 10th Gen Core i5 processor ကို အသုံးပြုထားပြီး 16GB of RAM နဲ့ 1TB of SSD storage ကို ထောက်ပံ့ထားပါတယ်။

Galaxy Chromebook မှာ 1MP Webcam နဲ့ နောက်ထပ် 8MP ကင်မရာလည်း ရှိနေတာကြောင့် Tablet mode မှာ ဓါတ်ပုံရိုက်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ ညာဘက်ခြမ်းမှာတော့ အံဝင်ခွင်ကျရှိနေတဲ့ S Pen ကိုလည်း တွေ့နိုင်ပါတယ်။ Fingerprint scanner, stereo speaker တွေလည်းပါဝင်ပြီး Keyboard ကတော့ backlit ဖြစ်ပါတယ်။

USB-C port နှစ်ခု၊ 3.5mm microphone နဲ့ MicroSD ကဒ်ပေါက်လည်း ပါဝင်ပါတယ်။ Chromebook မှာ LTE မရှိပေမယ့် Wi-Fi 6 ကို ထောက်ပံ့ထားပါတယ်။ Chromebook2 မှာတော့ Intel ရဲ့ 11th Gen processor အသုံးပြုလာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina