OnLeaks ကတစ်ဆင့် Galaxy Note 20 Plus ရဲ့ ဒီဇိုင်း Render ပုံတွေပေါ်ထွက်လာပြီး နောက်တစ်ရက်မှာပဲ ဒီဟန်းဆက်ဟာ 3C Certification ရထားကြောင်း သတင်းပါ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ် SM-N9860 နဲ့ဖြစ်ပြီး တရုတ်ဈေးကွက်အတွက် သီးသန့်ဗားရှင်းလို့ ယူဆရပါတယ်။

3C အရဆိုရင်တော့ Samsung Galaxy Note 20 Plus ဟာ 5G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်ပြီး 25W ကြိုးတပ်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားတာကို သိနိုင်ပါတယ်။ 3C ဖြစ်တဲ့အတွက် အခြားအဓိက အစိတ်အပိုင်းတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ သိခွင့်မရပါဘူး။ ဒါကြောင့် နောက်ထပ် သတင်းထွက်လာတာကို စောင့်ရမှာ ဖြစ်ပါတယ်။

Samsung Galaxy Note 20 Plus ရဲ့ ဒီဇိုင်းကတော့ အရင်မျိုးဆက်တွေနဲ့ သိပ်ပြီးကွာခြားမှုမရှိဘူးလို့ ဆိုရမှာပါ။ Bezel တွေ ကျဉ်းမယ်၊ Punch-hole နဲ့ဖြစ်မယ်၊ Curved Display နဲ့ဖြစ်မယ်ဆိုတာကြောင့် ဘာမှမပြောင်းလဲသွားဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပြောင်းလဲသွားတာက ကျောဘက်ကင်မရာပိုင်းမှာ သာမန်ထက် ပိုကြီးတဲ့ ဖွဲ့စည်းပုံကို တွေ့မြင်ရတာပါ။

ကျောဘက်ကင်မရာတွေဟာ 108MP အဓိကကင်မရာ၊ 64MP telephoto စတာတွေ ပါဝင်ဖွယ်ရှိပြီး Periscope တော့ ပါဝင်မှာမဟုတ်ဘူးလို့ သတင်းထွက်ထားပါတယ်။ ဘက်ထရီကတော့ 4,500mAh ပမာဏ ဖြစ်မယ်လို့ ဆိုပါတယ်။ 6.87-inch Dynamic AMOLED မျက်နှာပြင်ဟာ 120Hz refresh rate နဲ့ 3096 x 1444 pixel resolution ဖြစ်တယ်လို့ ဆိုပါတယ်။ သြဂုတ်လထဲမှာ မိတ်ဆက်လာဖွယ်ရှိတဲ့ ဒီဟန်းဆက်အကြောင်းကို အပြည့်အစုံသိရဖို့တော့ စောင့်ဆိုင်းရဦးမှာပါ။

Ref: GSM Arena