Samsung Galaxy Note20+ မှာ 4,500mAh ဘက်ထရီ ပါမယ်လို့ သတင်းထွက်နေပါတယ်။ ဧပြီလက သတင်းတွေအရ  အရွယ်သေး Note20 မှာ 4,000mAh ဘက်ထရီ ပါမယ်လို့ သိခဲ့ရပါတယ်။ အခုတော့ Samsung က Note20 မှာ ဒီထက် ပိုကြီးတဲ့ ဘက်ထရီ ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။ Note20 ကို တရုတ်က 3C မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး 4,300mAh ဘက်ထရီ ပါလာမယ်လို့ စာရင်းမှာ ဖော်ပြထားပါတယ်။

5G စမတ်ဖုန်းတွေဟာ ဘက်ထရီ ပိုစားတဲ့အတွက် ပိုကြီးတဲ့ ဘက်ထရီတွေ လိုအပ်လာပါတယ်။ Note20 မှာ ၆.၇ လက်မ မျက်နှာပြင်နဲ့ Note20+ မှာ ၆.၉ လက်မ မျက်နှာပြင်တွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ မျက်နှာပြင် အရွယ်အစား ကြီးမားရင်လည်း ဘက်ထရီ စားပါတယ်။

အဲဒီ စမတ်ဖုန်း ၂ လုံးကို ဩဂုတ်လမှာ ကြေညာနိုင်ပြီး 120Hz Super AMOLED Infinity-O မျက်နှာပြင် ပါလာမှာ ဖြစ်ပါတယ်။ S Pen Stylus ထောက်ပံ့ထားမှာ ဖြစ်ပြီး 16GB RAM ပါလာမှာပါ။ နိုင်ငံအပေါ် မူတည်ပြီး Exynos 992 or Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ 25W Wired Charging , Wireless Charging နဲ့ Reverse Wireless Charging တွေ ထည့်သွင်းထားနိုင်ပြီး နားကြပ်ပေါက် မပါလာနိုင်ပါဘူး။

Ref : gsmarena