Samsung ကနေ မနှစ်တုန်းက မိတ်ဆက်ထားခဲ့တဲ့ Galaxy S20 Fan Edition (S20 FE) ဟာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့အတွက် အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။ အခုနှစ်အတွက်လည်း Samsung ကနေ Galaxy S21 FE ကို မိတ်ဆက်ဖို့ စီစဥ်ထားပေမယ့်လည်း အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ နှောင့်နှေးဖွယ်ရှိနေပါတယ်။

ဘာကြောင့်လဲဆိုရင် လက်ရှိတကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ Global Chip Shortage ကြောင့်ဖြစ်ပြီး ယခုလအစောပိုင်းမှာထဲက Galaxy S21 FE ထုတ်လုပ်မှုက နှောင့်နှေးနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ Samsung ကတော့ ထုတ်လုပ်မှုနှောင့်နှေးတယ်ဆိုတာက မှန်ကန်ခြင်းမရှိဘူးဆိုပြီး ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိ South Korea မှာ ထွက်ရှိလာတဲ့သတင်းအရတော့ Samsung ဟာ Galaxy S20 FE မိတ်ဆက်မယ့်အချိန်ကို လာမယ့် သြဂုတ်လကနေ အောက်တိုဘာလအထိ ရွေ့ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ မိတ်ဆက်တဲ့အချိန်မှာလည်း အရေအတွက် အကန့်အသတ်နဲ့ပဲ ရောင်းချသွားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

Samsung Galaxy S21 FE စမတ်ဖုန်းဟာ Processor ပိုင်းမှာ Qualcomm Snapdragon 888 ကိုပဲ သုံးစွဲထားမှာဖြစ်ပြီး Design ပိုင်းမှာလည်း လက်ရှိ Galaxy S21 Series နဲ့ ဆင်တူမှာဖြစ်ပါတယ်။ Samsung အနေနဲ့ လုံးဝရပ်ဆိုင်းလိုက်တာတော့မဟုတ်တဲ့အတွက် မိတ်ဆက်ဖို့ကတော့ ကျိန်းသေနေပါတယ်။

Ref – GSM Arena