Samsung Galaxy S21 FE ကို ဇန်နဝါရီလမှာ ကျင်းပမယ့် CES 2022 မှာ ကြေညာမယ်လို့ ထင်ရပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ ဖုန်းရဲ့ ဓါတ်ပုံနဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Walmart မှာ အဲဒီ စမတ်ဖုန်းရဲ့ ဈေးနှုန်းကို ဖော်ပြထားပါတယ်။ 128GB Storage Version ကို ၆၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၂ သိန်းကျော် ကျသင့်မှာ ဖြစ်ပါတယ်။ အဲဒီ Version မှာ 6GB RAM ထည့်ထားမယ်လို့ ထင်ပါတယ်။

Samsung Galaxy S21 FE

ဒါပေမယ့် Walmart မှာ ဖုန်း ဓါတ်ပုံကို မဖော်ပြထားသေးပါဘူး။ Walmart က မတော်တဆ စာရင်းတင်လိုက်မိတာ ဖြစ်နိုင်ပြီး တရားဝင် မိတ်ဆက်ပြီးနောက်မှ ဓါတ်ပုံ တင်မယ်လို့ ထင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဖုန်း ဈေးနှုန်းကတော့ မှန်ကန်မယ်လို့ ထင်ရပါတယ်။

Samsung Galaxy S21 FE Press Render Featured C

ပေါက်ကြားနေတဲ့ သတင်းတွေအရ Samsung Galaxy S21 FE မှာ ၆.၄ လက်မ AMOLED Full HD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာနိုင်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားနိုင်ပြီး မျက်နှာပြင်ကို Corning Gorilla Glass Victus နဲ့ ကာကွယ်ထားနိုင်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားနိုင်ပြီး 12MP Main , 12MP Ultra-wide နဲ့ 8MP Telephoto တွေ ဖြစ်နိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာ အတွက် 32MP ထည့်သွင်းထားနိုင်ပြီး နိုင်ငံအပေါ်မူတည်ကာ Qualcomm Snapdragon 888 SoC သို့မဟုတ် Exynos 2100 မောင်းနှင်ထားနိုင်ပါတယ်။ 6GB / 8GB RAM နဲ့ 128GB/256GB Storage  တွေ ထုတ်လုပ်ထားနိုင်ပြီး microSD Card Slot မပါလာနိုင်ပါဘူး။

ဘက်ထရီက 4,500mAh ဖြစ်နိုင်ပြီး Fast Charging နဲ့ Wireless Charging တွေ ထောက်ပံ့ထားနိုင်ပါတယ်။ IP68 ရေစိုခံစံနှုန်း ပါလာနိုင်တဲ့အတွက် ရေနဲ့ ဖုန်မဝင်အောင်ကာကွယ်ပေးနိုင်မှာပါ။

Ref : gizmochina