Samsung ဟာ မကြာခင်မိတ်ဆက်လာမယ့် Galaxy S စီးရီးအတွက် တရားဝင် Certification အတော်များများကို ရရှိထားပြီး ဖြစ်ပါတယ်။ ဒီထဲကမှ Galaxy S21 ကို Geekbench မှာပါ တွေ့မြင်လာရပါပြီ။ ဒါကြောင့် Geekbench listing နဲ့အတူ Galaxy S21 မှာသုံးထားတဲ့ SoC ကိုလည်း သိရှိလိုက်ကြရပါတယ်။

Samsung Galaxy S21 ရဲ့ မော်ဒယ်နံပါတ်က SM-G991U ဖြစ်ပြီး Motherboard ရဲ့ အမည်ကိုတော့ “Lahaina” အဖြစ် တွေ့မြင်ရပါတယ်။ ဒီကုဒ်နံပါတ်ဟာ မကြာခင်ကပဲတရားဝင်ကြေညာခဲ့တဲ့ Snapdragon 888 chipset အတွက် ကုဒ်နံပါတ် ဖြစ်ပါတယ်။ ဒါ့အပြင် ဟန်းဆက်ဟာ Android 11 မောင်းနှင်ထားပြီး 8GB of RAM နဲ့ တွဲဖက်ပေးထားတာကိုလည်း တွေ့မြင်ရပါတယ်။

ဒါပေမယ့် မြင်တွေ့ရတဲ့ Geekbench 5.2.5 ရဲ့ ရမှတ်တွေဟာ သိပ်ပြီး အထင်ကြီးလောက်စရာမရှိပါဘူး။ Single-Core ရမှတ်ဟာ 1,075 မှတ်ပဲ ရရှိထားသလို၊ Multi-Core ရမှတ်ကလည်း 2,916 မှတ်ပဲ ရရှိထားတာ တွေ့ရပါတယ်။ Samsung အနေနဲ့ Software ကို ဒီ chip နဲ့ ပူးပေါင်းပြီးအကောင်းဆုံးရလဒ်ထွက်အောင် လုပ်ဆောင်နေဆဲလို့ ယူဆရပါတယ်။

Samsung Galaxy S21 စီးရီးကို လာမယ့်ဇန်နဝါရီလမှာ မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။ Galaxy S21+ ရဲ့ CAD render တွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာခဲ့ပြီးပါပြီ။ S21 လည်း ကျောဘက်ကင်မရာတပ်ဆင်မှုပိုင်းမှာ အနည်းငယ် ကွဲပြားတာကလွဲရင် အလားတူဒီဇိုင်းနဲ့ ဖြစ်မယ်လို့မျှော်လင့်ရပါတယ်။ Galaxy S21 စီးရီးထဲက အမြင့်ဆုံးဖြစ်တဲ့ S21 Ultra ကတော့ S Pen ထောက်ပံ့မှနဲ့အတူ ထွက်ပေါ်လာမယ်လို့ သတင်းထွက်ထားပါတယ်။

Ref: GSM Arena