Samsung Galaxy S21 Ultra နဲ့ပတ်သက်တဲ့သတင်းတွေ ထွက်ပေါ်ခဲ့တာလည်း အတော်လေးကို ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ဒီ Galaxy S21 Ultra မှာ ကျောဘက်ကင်မရာတစ်လုံး၊ ဒါမှမဟုတ် Sensor တစ်ခုပိုလာနိုင်ကြောင်း၊ 120Hz အထိ ထောက်ပံ့မယ်ဆိုတဲ့အကြောင်းတွေ ပေါ်ထွက်ခဲ့သလို S Pen လည်း ထောက်ပံ့မယ်လို့ သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။

နာမည်ကျော် Tipster ဖြစ်တဲ့ Ice Universe ကတော့ Samsung Galaxy S21 Ultra မှာ S Pen ကို ထောက်ပံ့ပေးမယ်လို့ အခိုင်အမာပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့သတင်းတွေမှာ ဖော်ပြခဲ့တဲ့ Galaxy S21 Ultra မှာ S Pen Stylus ပါဝင်လာနိုင်ဖွယ်ရှိတယ်ဆိုတာက ပိုပြီးခိုင်မာသွားပြီလို့ ဆိုနိုင်ပါတယ်။

S Pen ဟာ Galaxy S စီးရီးဆီ ရောက်သွားမှာဖြစ်တဲ့အတွက် Galaxy Note စီးရီးဟာ Z Fold lineup နဲ့ အစားထိုးခံရမယ်ဆိုတာလည်း ပိုပြီးသေချာနေပြီ ဖြစ်ပါတယ်။ လာမယ့်မျိုးဆက်သစ် Foldable မျက်နှာပြင်တွေဟာ Samsung ရဲ့ Stylus နဲ့ အတူတွဲဖက်ပြီးအလုပ်လုပ်နိုင်လောက်အောင်ကို အကြမ်းခံနိုင်နေပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ Galaxy S နဲ့ Note စီးရီးဝင်တွေဖြစ်တဲ့ S20 Ultra နဲ့ Note 20 Ultra တို့ဟာ အဓိကအစိတ်အပိုင်းတွေမှာ တူညီခဲ့ကြတာကိုကြည့်ရင် Samsung အနေနဲ့ ဒီထုတ်ကုန်အမျိုးအစားနှစ်ခုကို ပေါင်းစည်းဖို့လိုလားနေတယ်ဆိုတာ သိသာနေပါတယ်။ အထူးသဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို ပိုပြီးချောမွေ့စေဖို့ လိုလားနေတာလည်း ဖြစ်ပါတယ်။

Samsung Galaxy S21 စီးရီးကို လာမယ့် ၂၀၂၁ ဇန်နဝါရီလ ၁၄ ရက်မှာ မိတ်ဆက်ဖြန့်ချိမယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။ ဒါ့အပြင် S21 တွေကိုဖြန့်ချိတဲ့အခါ ဘူးထဲမှာ Charger ထည့်ပေးလိုက်မှာမဟုတ်ဘူးလို့လည်း ကောလာဟလသတင်းအချို့ ထွက်ပေါ်နေပါသေးတယ်။

Ref: GSM Arena