Samsung Galaxy S22 Series ကို ကြေညာဖို့အချိန် တော်တော်လိုပါသေးတယ်။ ဒါပေမယ့်လည်း အဲဒီ စမတ်ဖုန်းတွေရဲ့ ပေါက်ကြားသတင်းများစွာ ထွက်လာနေပြီ ဖြစ်ပါတယ်။ အဲဒီ ပေါက်ကြားသတင်းတွေထဲမှာ မျက်နှာပြင် သတင်းအချက်အလက်များ ပါလာပါတယ်။

အခုလည်း Samsung Galaxy S22 Series ရဲ့ မျက်နှာပြင် သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Galaxy S22 မှာ ၆.၀၆ လက်မ မျက်နှာပြင်၊ S22+ မှာ ၆.၅၅ လက်မ မျက်နှာပြင်နဲ့ S22 Ultra မှာ ၆.၈၁ လက်မ မျက်နှာပြင်တွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ တခြား ပေါက်ကြား သတင်းတစ်ခုကတော့ အဲဒီ စမတ်ဖုန်းတွေမှာ ၆.၁ လက်မ၊ ၆.၅-၆.၆ လက်မနဲ့ ၆.၈ လက်မ မျက်နှာပြင်တွေ အသီးသီး တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။ ပေါက်ကြားသတင်းနှစ်ခုက မျက်နှာပြင် အရွယ်အစားတွေဟာ သိပ်တော့မကွာပါဘူး။ သတင်းတွေက အမျိုးမျိုး ထွက်နေတဲ့အတွက် သေချာရေရာမှုတော့ မရှိသေးပါဘူး။

အဲဒီ မျက်နှာပြင် သတင်းအချက်အလက်တွေအရ ရိုးရိုး S22 နဲ့ Plus မော်ဒယ်တွေရဲ့ မျက်နှာပြင် အရွယ်အစားတွေဟာ ၂၀၂၀ ခုနှစ်ထုတ် မော်ဒယ်တွေထက် ပိုသေးငယ်သွားမှာ ဖြစ်ပါတယ်။ ပေါက်ကြားသတင်းတွေမှာ တူညီတဲ့ အချက်တစ်ခုက Ultra မော်ဒယ်မှာပဲ LTPO OLED မျက်နှာပြင် ထည့်သွင်းထားမယ်ဆိုတာ ဖြစ်ပါတယ်။

Samsung ဟာ အရင်နှစ်က Galaxy S21 Series တွေကို ချပြခဲ့ပါတယ်။ Samsung ရဲ့ Galaxy S Series တွေဟာ စွမ်းဆောင်ရည် မြင့်မားပြီး နည်းပညာ အမိုက်စားတွေ ထည့်သွင်းထားကြပါတယ်။ ဒီနှစ်ထွက်မယ့် Galaxy S22 Series တွေမှာလည်း ဘယ်လို နည်းပညာ အလန်းစားတွေ ပါလာမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : gsmarena