ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းတုန်းက Samsung Galaxy S22 Ultra ရဲ့ Renders သစ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ဒီ Renders သစ်မှာ Galaxy S22 Ultra ရဲ့ ကျောဘက်ကင်မရာဖွဲ့စည်းပုံဟာ Dual Camera Bump နဲ့ ဖြစ်တယ်လို့ ဖော်ညွှန်းခဲ့ပါတယ်။

Galaxy S22 Ultra ရဲ့ ကျောဘက်ကင်မရာ Bump ဟာ P-shaped လား Dual ဒီဇိုင်းလားဆိုတာ အငြင်းပွားနေခဲ့ပြီး တိကျတဲ့အဖြေမထွက်လာသေးပေမဲ့ အခုထွက်ပေါ်လာတဲ့ Dummy unit အရဆိုရင်တော့ P-shaped ဒီဇိုင်းဆိုတဲ့အယူအဆနဲ့ ပိုနီးစပ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တကယ်ထွက်ပေါ်လာချိန်မှာ Dual Camera Bump အဖြစ်လည်း မြင်တွေ့ရနိုင်တယ်ဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။

Xleaks7 နဲ့ CoverPigtou တို့ ပူးပေါင်းပြီး ဖော်ပြလာတဲ့ Galaxy S22 Ultra ရဲ့ ပကတိရုပ်ပုံအရ Galaxy Note ရဲ့အဆုံးသတ်ဟာ ပိုပြီးပီပြင်လာပြီလို့ သတိပေးနေသလိုပါပဲ။ OnLeaks ရဲ့ Renders ကိုအခြေခံပြီးပြောရမယ်ဆိုရင် S22 Ultra ဟာ 6.8-inch dual-curved display နဲ့ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ S Pen slot နဲ့ပတ်သက်ပြီး Dummy unit က ပဟေဠိလုပ်ထားပါသေးတယ်။

ဒီ Dummy unit မှာ Stylus cutout မပါရှိပါဘူး။ အသံအတိုးအကျယ်နဲ့ ပါဝါခလုတ်တွေကိုတော့ ဟန်းဆက်ရဲ့ ညာဘက်အခြမ်းမှာ နေရာချထားတာ တွေ့မြင်ရပါတယ်။ ကနဦးထွက်ခဲ့တဲ့ Renders တွေလို ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား မမြင်တွေ့နိုင်ဘူးဆိုပေမဲ့ ဒီ Dummy unit ရဲ့ ပြသမှုတိုင်းကို အမှန်တကယ်ထွက်ရှိလာမဲ့ ဟန်းဆက်မှာတွေ့မြင်ရဖို့ မျှော်လင့်နိုင်တာလည်း ဖြစ်ပါတယ်။

Ref: GSM Arena