ဩဂုတ်လလယ်မှာ Galaxy Tab Active4 Pro ရဲ့ Certification များစွာ ထွက်ခဲ့တဲ့အတွက် မကြာခင် ကြေညာတော့မယ်လို့ ထင်ခဲ့ကြပါတယ်။ အခုတော့ Samsung က ထင်ထားတဲ့အတိုင်း ကြေညာလိုက်ပါပြီ။

ဒီ တက်ဘလက်ရဲ့ ထူးခြားချက်က အကြမ်းခံနိုင်စွမ်း ဖြစ်ပါတယ်။ ၁၀.၁ လက်မ 1920×1200 TFT LCD ထိတွေ့မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး အမည်မဖော်ပြထားတဲ့ 6nm Octa-core Processor မောင်းနှင်ထားပါတယ်။ Google Play Console က ဒေတာအရ Snapdragon 778G ဖြစ်နိုင်ပါတယ်။ 4/64GB, 6/128GB မော်ဒယ်တွေ ထုတ်လုပ်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ ဖြုတ်တပ်နိုင်တဲ့ 7,600mAh ဘက်ထရီ ထောက်ပံ့ထားပြီး ပလက်ပေါက်နဲ့ ချိတ်ထားရင် ဘက်ထရီ မလိုဘဲ သုံးနိုင်ပါတယ်။ တက်ဘလက်နဲ့ တွဲဖက် သုံးဖို့ S Pen Stylus ထည့်ထားပါတယ်။

မြောက်အမေရိကမှာ ရောင်းမယ့် မော်ဒယ်တွေမှာပဲ GPS, 5G, LTE, Wi-Fi 6, Bluetooth 5.2, NFC, Hybrid dual-SIM တွေ ထည့်သွင်းထားပါတယ်။ Home Key မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး အလေးချိန်က ၆၇၄ ဂရမ်နဲ့ အထူက ၁၀.၂ မီလီမီတာ ရှိပါတယ်။ Android 12 အခြေပြု Samsung One UI မောင်းနှင်ထားပါတယ်။

Galaxy Tab Active4 Pro နဲ့ S Pen ဟာ IP68 စံနှုန်း ရှိပြီး ဖုန်၊ အညစ်အကြေးနဲ့ သဲတွေ မဝင်အောင် ကာကွယ်နိုင်ပါတယ်။ ရေအနက် ၁.၅ မီတာမှာ မိနစ် ၃၀ အထိ အသုံးပြုနိုင်ပါတယ်။ MIL-STD-810H စံနှုန်း ပါလာပြီး ၁ မီတာအမြင့်ကပြုတ်ကျတာ၊ လေထုစိုထိုင်းတာ၊ ဆားငန်ရေစိုတာ၊ တုန်ခါတာတွေကို ခံနိုင်ပါတယ်။ ဘူးထဲမှာ ပါတဲ့ Case တပ်ထားရင် ၁.၂ မီတာ အမြင့်က ပြုတ်ကျတာကို ခံနိုင်ပါတယ်။

စက်တင်ဘာလမှာ Galaxy Tab Active4 Pro ကို ဥရောပနိုင်ငံတချို့မှာ ရောင်းမှာ ဖြစ်ပြီး အာရှ၊ လက်တင် အမေရိက၊ မြောက်အမေရိကနဲ့ အရှေ့အလယ်ပိုင်းမှာ ဒီနှစ် နှောင်းပိုင်းရောင်းမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Ref : gsmarena