မကြာခင်မှာ Samsung ကမိတ်ဆက်လာမယ့် Galaxy Tab S6 Lite ဟာ ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ Bluetooth certification ရတာမြင်တွေ့ခဲ့ရပြီး၊ မတ်လ ဒုတိယပတ်မှာ ထိုင်း NCC ထက် မြင်တွေ့ခဲ့ရပါတယ်။ ဒီတုန်းကတော့ 2.4GHz Wi-Fi ဆက်သွယ်မှုအကြောင်းပဲ သိခဲ့ရတာ ဖြစ်ပါတယ်။

အခုတော့ Samsung Galaxy Tab S6 Lite ရဲ့ Press render နဲ့အတူ အချက်အလက်အချို့လည်း ပေါက်ကြားထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ WinFuture ကနေ ဖော်ပြထားတဲ့ အချက်အလက်တွေအရ Tab S6 Lite ဟာ 10-inch LCD မျက်နှာပြင်၊ 2000 x 1200p resolution ရှိမယ်လို့ သိရပါတယ်။

Render ရုပ်ပုံမှာမြင်တွေ့ရသလောက် Galaxy Tab S6 Lite ရဲ့ ပတ်လည် Bezel တွေဟာ ခပ်ထူထူဖြစ်ပေမယ့် သေသပ်ပြီး ကြည့်လို့ကောင်းတဲ့ဒီဇိုင်းပိုင်းလို့ ဆိုရပါမယ်။ ကျောဘက်မှာ ကင်မရာတစ်လုံးတပ်ဆင်ပေးထားပြီး 8MP လို့ သိရပါတယ်။ အရှေ့ဘက် Selfie ကင်မရာကတော့ 5MP ဖြစ်ပြီး LED ဖလက်ရှ်တော့ မပါဝင်ပါဘူး။

ဘက်ထရီကတော့ 7,040mAh လို့ ဆိုထားပြီး အောက်ခြေမှာရှိတဲ့ USB-C port ကတစ်ဆင့် အားသွင်းနိုင်မှာပါ။ အမြန်အားသွင်းစနစ် ထောက်ပံ့ထားခြင်းရှိမရှိ မသိရသေးပေမယ့် Galaxy S6 နည်းတူ 15W အမြန်အားသွင်းစနစ် ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Exynos 9611 Chipset အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒီ Chipset ဟာ Galaxy A51 နဲ့ Galaxy A50s စမတ်ဖုန်းတွေမှာ အသုံးပြုထားတာဖြစ်ပါတယ်။ 4GB of RAM နဲ့ သိုလှောင်မှုပမာဏ 64GB ပါဝင်မယ်လို့ သိရပြီး 128GB အမျိုးအစားလည်း ရှိသေးတယ်လို့ သတင်းထွက်ထားပါတယ်။

ပုံမှန်အတိုင်း Wi-Fi သီးသန့်အမျိုးအစားအဖြစ် ထွက်ရှိလာမှာသေချာပေမယ့် LTE အမျိုးအစားလည်း ထွက်ပေါ်လာနိုင်ဖွယ်ရှိပါတယ်။ ဈေးနှုန်းနဲ့ ကျန်အချက်အလက်တွေကတော့ နောက်ထပ်ရက်အနည်းငယ်အတွင်း ထွက်ပေါ်လာနိုင်တဲ့အတွက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Phone Arena