Samsung Galaxy Z Flip 5G စမတ်ဖုန်းဟာ လာမယ့် ဩဂုတ် ၅ ရက်နေ့မှာ ကျင်းပမယ့် Samsung Unpacked Event မှာ တရားဝင်မိတ်ဆက်လာမှာပါ။ ဒါပေမယ့် Weibo မှာရှိတဲ့ Samsung Galaxy အကောင့်ဟာ အဆင့်မြှင့်တင်ထားတဲ့ Foldable ဟန်းဆက်ကို ဇူလိုင် ၂၂ ရက်နေ့ကစပြီး မှာယူနိုင်ပြီဖြစ်ကြောင်း ကြေညာလာပါတယ်။

ဒါဟာ Unpacked Event မတိုင်ခင် နှစ်ပတ်တောင် စောနေတာပါ။ တရုတ်စျေးကွက်အတွက် သီးသန့်ဖြစ်တယ်လို့ ထင်ရပြီး နိုင်ငံတကာစျေးကွက်ကိုတော့ နောက်လမှသာ ဝင်ရောက်လာမှာဖြစ်ပါတယ်။ ဒီဖုန်းဟာ မျိုးဆက်သစ် ဆိုတာထက် Upgrade ဗားရှင်းသာဖြစ်တာကြောင့် Specs တော်တော်များများကိုလည်း သိပြီးသားပါ။

ချစ်ပ်ဆက်ကလည်း Upgrade ဗားရှင်းလို့ဆိုရမယ့် Snapdragon 865+ ဖြစ်ပြီး Z Flip ဟာ ဒီချစ်ပ်ဆက်အသစ်ကို ထည့်သွင်းလာမယ့် ပထမဆုံးစမတ်ဖုန်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါက သူ့ရဲ့စွမ်းဆောင်ရည်ကို အနည်းငယ်တိုးမြင့်စေပြီး 5G ချိတ်ဆက်နိုင်စွမ်းလည်း ရရှိစေမှာပါ။ ကျန်တဲ့ Display, ကင်မရာနဲ့ ဘက္ထရီတို့ကတော့ 4G မော်ဒယ်အတိုင်းပါပဲ။

Galxy Z Flip 5G ဟာ ကာလာအသစ်တစ်ခုလည်း ရရှိမှာဖြစ်ပြီး “Mystic Bronze” လို့အမည်ပေးထားပါတယ်။ ဒီကာလာအသစ်ကလည်း Samsung ဂတ်ဂျက်အသစ်တွေဖြစ်တဲ့ Z Flip နဲ့ Galaxy Fold 2 အသစ်တို့အပြင် Galaxy Note20 စီးရီးနဲ့ စမတ်နာရီအသစ်တို့မှာပါ ပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ပိုစတာထဲမှာ “အရောင်သစ်များ” လို့ ရေးထားတာကြောင့် မသိရသေးတဲ့ ကာလာအသစ်တွေလည်း ပါဝင်လာဦးမယ်လို့ ယူဆရပါတယ်။

Fold 2 အသစ်ကတော့ Z Flips 5G ရဲ့နောက်ကိုရောက်နေပြီး မြင်ရဖို့ကို စက်တင်ဘာလောက်ထိ စောင့်ရဦးမယ့် ပုံပါပဲ။ သတင်းတချို့ကတော့ Fold 2 အသစ်ကို ဩဂုတ်လမှာ အလုံးရေအကန့်အသတ်နဲ့ ရောင်းချလာနိုင်တယ်လို့ ဆိုပါတယ်။

Ref – GSMArena