Samsung က အမေရိကန်မှာ Galaxy Z Flip ကို ပြီးခဲ့တဲ့ ၁ ပတ်က ရောင်းပေးခဲ့ပြီး ရောင်းအား အရမ်း လန်းခဲ့ပါတယ်။ လက်ရှိမှာ အမေရိကန် တစ်လွှားက စတိုးဆိုင်တွေမှာ အနည်းငယ်ပဲကျန်ပါတော့တယ်။ အခုတော့ Samsung က အမေရိကန်မှာ ရောင်းဖို့ Galaxy Z Flip ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ထပ်ဖြည့်ပေးထားမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီနေ့မှာပဲ Galaxy S20 Series တွေကို ကြိုတင်မှာယူခွင့်ပေးမှာ ဖြစ်ပါတယ်။

Samsung Galaxy Z Flip ဟာ ကုမ္ပဏီရဲ့ ဒုတိယမြောက် Foldable စမတ်ဖုန်း ဖြစ်ပါတယ်။ Qualcomm Snapdragon 855+ SoC မောင်းနှင်ထားပြီး နောက်ဆုံးထုတ် 865 မပါလာပါဘူး။ Samsung က အဲဒီ ဖုန်းကို ဖန်တီးနေတာ ကြာပြီ ဖြစ်တဲ့အတွက် Chipset အဟောင်းကိုပဲ ထည့်သွင်းထားတာ ဖြစ်နိုင်ပါတယ်။

Galaxy Z Flip မှာ ၆.၇ လက်မ Foldable Dynamic AMOLED မျက်နှာပြင် ပါလာပြီး 2636×1080 Pixel Resolution ဖြစ်ပါတယ်။ 3,300mAh ဘက်ထရီ ပါလာပြီး စုစုပေါင်း ကင်မရာ ၃ လုံးပါလာပါတယ်။ အတွင်းဘက်မှာ 10MP ကင်မရာနဲ့ အပြင်ဘက်မှာ 12MP ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။

Samsung ရဲ့ ဒုတိယမြောက် Foldable ဖုန်း ဖြစ်တဲ့ Galaxy Z Flip ဟာ ဒီဇိုင်းလန်းသလို ဈေးလည်း မြောက်ပါတယ်။ အမေရိကန်မှာ ၁,၃၈၀ ဒေါ်လာ သတ်မှတ်ထားပြီး သိန်း ၂၀ လောက်ရှိပါတယ်။ တောင်ကိုရီးယား မီဒီယာ ၁ ခုရဲ့ သတင်းအရ Z Flip ရဲ့ ပထမ ၁ ပတ်ရောင်းအားဟာ Galaxy Fold ထက် ၁၀ ဆ ပိုကောင်းမယ်လို့ Samsung က မျှော်မှန်းထားပါတယ်။ တောင်ကိုရီးယားမှာ အစောပိုင်းရက်တွေအတွင်းမှာ အလုံးရေ ၉၀၀ ရောင်းချထားနိုင်ပြီး နာရီပိုင်းအတွင်းမှာ ပစ္စည်းပြတ်သွားပါတယ်။

Ref : gsmarena