အမြောက်အများ ထုတ်လုပ်နေပြီလို့ သတင်းထွက်နေတဲ့ Samsung Galaxy Z Fold3 ကို ဇူလိုင်လမှာ ကြေညာမယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ အဲဒီ ဖုန်းကို Galaxy Z Flip3 နဲ့အတူ ဩဂုတ်လ ၂၇ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းပေါက်ကြားလာပါတယ်။

နာမည်ကြီး Tipster တစ်ယောက် ဖြစ်တဲ့ Jon Prosser က ဒီသတင်း ပေးလိုက်တာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်း ၂ လုံး မကြေညာခင် Galaxy Watch4 နဲ့ Watch Active4 တို့ကို ဩဂုတ်လ ၁၁ ရက်နေ့ ချပြမယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူက အဲဒီနေ့ရက်တွေဟာ ကြေညာတာ မဟုတ်ဘဲ ရောင်းချမယ့်နေ့တွေလို့ ပြောပါတယ်။ ကြေညာတဲ့ နေ့မှာပဲ ရောင်းမယ့် သဘောလို့ ထင်ပါတယ်။

Samsung က အဲဒီ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ Android Police က Max Weinbach က Samsung ဟာ Galaxy Z Fold3, Galaxy Z Flip3, Galaxy Watch4, နဲ့ Galaxy Watch Active4 တို့ကို ဩဂုတ်လ ၃ ရက်နေ့ ရောင်းမယ်လို့ တွစ်တာမှာ သတင်းပေးထားပါတယ်။

မတ်လတုန်းက နာမည်ကြီး Tipster Ice Universe က Galaxy Watch4 နဲ့ Galaxy Watch Active4 ကို ၂၀၂၁ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်း ကြေညာမယ်လို့ ပြောခဲ့ပါသေးတယ်။ အခု သတင်းအရဆိုရင် ကွာတား ၂ အတွင်း ထွက်လာမှာ မဟုတ်တော့ပါဘူး။ သတင်းတွေက အမျိုးမျိုးထွက်နေသေးတဲ့အတွက် သေချာရေရာမှု မရှိသေးပါဘူး။

Ref : gsmarena