ဒီနှစ် Unpacked ပွဲက ပြီးခဲ့တဲ့နှစ်ကထက် ပိုပြီးစိတ်ဝင်စားခြင်းခံရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ Galaxy S22 စီးရီးကြောင့်ဆိုတာထက် Galaxy Tab S8 နဲ့ S8 Ultra တို့လို ပရီမီယံတက်ဘလက်တွေကြောင့်လည်းလည်း ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် US မှာ ဒီတက်ဘလက်တွေကို Pre-order တင်တဲ့နှုန်းက များလွန်းနေတာကြောင့်ပါပဲ။

အမေရိကန်မှာပဲ တက်ဘလက်ဈေးကွက်ကို Apple iPad က လွှမ်းမိုးထားတာပါ။ ဒါပေမဲ့ Android တက်ဘက်ဖြစ်တဲ့ Galaxy Tab S8 နဲ့ S8 Ultra တို့ကို ကြိုတင်မှာယူမှုများလွန်းတာကြောင့် ရပ်တန့်ထားရတဲ့အထိဖြစ်လာတာက စိတ်ဝင်စားစရာပါပဲ။ ဘာပဲဖြစ်ဖြစ် Samsung က မျှော်မှန်းထားတဲ့ ဝယ်လိုအားထက် သိသိသာသာကို မြင့်တက်သွားတာ အမှန်ပါပဲ။

အမေရိကန်မှာ Galaxy Tab S8 နဲ့ S8 Ultra အတွက် Pre-order ကို ပိတ်လိုက်ပြီဆိုပေမဲ့ Galaxy Tab S8+ ကိုတော့ ကြိုတင်မှာယူလို့ ရပါသေးတယ်။ ဒါပေမဲ့ ဒီ Tab S8+ ဟာ ပစ္စည်းလက်ကျန်ဘယ်လောက်ထိ ရှိနေသေးလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မကြာခင်မှာပဲ လက်ကျန်ပစ္စည်းပြတ်လပ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

“ကျွန်ုပ်တို့ရဲ့ Galaxy Tab S8 စီးရီးအသစ်အတွက် သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုအတွက် ပီတိဖြစ်ရပါတယ်။ လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း အလွန့်အလွန်များပြားတဲ့ဝယ်လိုအားကြောင့် Galaxy Tab S8 နဲ့ S8 Ultra တို့အတွက် Samsung.com မှာ ကြိုတင်မှာယူမှုတွေကို ခေတ္တရပ်တန့်လိုက်ပါမယ်။ ကျွန်ုပ်တို့ဟာ စားသုံးသူတွေရဲ့ စိတ်လှုပ်ရှားမှုနဲ့ဝယ်လိုအားကိုဖြည့်ဆည်းဖို့ အလျင်အမြန်လုပ်ဆောင်နေပါတယ်။ သတင်းသစ်တွေအတွက် နားစွင့်ထားပါ” လို့ Samsung က ထုတ်ပြန်ကြေညာထားပါတယ်။

Ref: SamMobile