၂၀၂၀ ပြည့်နှစ်ရဲ့ ဒုတိယသုံးလပတ် အစီရင်ခံစာတွေထွက်လာတော့ မျှော်လင့်ထားကြတဲ့အတိုင်းပဲ နည်းပါးတဲ့ အမြတ်အစွန်းတွေကိုပဲ တွေ့မြင်ရပါတယ်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြောင့် စမတ်ဖုန်းထုတ်လုပ်တဲ့ နယ်ပယ်လည်း ထိခိုက်နစ်နာခဲ့ရတယ်ဆိုပေမယ့် အဆိုးဆုံးအခြေအနေတော့ မဟုတ်ခဲ့ပါဘူး။

ဒီနှစ်ရဲ့ ဒုတိယသုံးလပတ်အခြေအနေဟာ အလုံးရေပေါင်း ၂၉၄.၇ သန်း သာရောင်းချနိုင်ခဲ့တဲ့အတွက်၊ ၃၇၀.၃ သန်း ရောင်းချနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်နဲ့နှိုင်းယှဉ်ရင်တော့ ၂၀.၄% လျော့ကျသွားတာကို တွေ့မြင်နိုင်ပါတယ်။ ဒီလိုလျော့နည်းသွားတယ်ဆိုပေမယ့် ထိပ်ပိုင်းမှာ ဦးဆောင်နေတဲ့ အမှတ်တံဆိပ်တွေအနေနဲ့ အကြီးအကျယ် ပြောင်းလဲတာမျိုးတော့ မတွေ့ရသေးပါဘူး။

Samsung နဲ့ Huawei တို့ဟာ စုစုပေါင်းဝေစုရဲ့ ၂၀% စီကို ပိုင်ဆိုင်ထားကြဆဲဖြစ်ပြီး၊ Apple ကလည်း ၁၃.၅% ကို ရယူထားဆဲ ဖြစ်ပါတယ်။ ဒီကုမ္ပဏီသုံးခုပေါင်း ဈေးကွက်ဝေစုကပဲ ၅၃.၅% ဖြစ်နေတာကြောင့် စုစုပေါင်းဈေးကွက်ဝေစုရဲ့ တစ်ဝက်ကျော် ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် ကိန်းဂဏန်း အသေးစိတ်မှာတော့ ကုမ္ပဏီသုံးခုစလုံးဟာ အနည်းငယ်စီ ကျဆင်းခဲ့တာကို တွေ့နိုင်ပါတယ်။

Samsung ဟာ ၂၀၂၀ ပြည့်နှစ်ဒုတိယသုံးလပတ်မှာ ယူနစ်ပေါင်း ၅၄.၇ သန်း တင်ပို့ခဲ့ပါတယ်။ ၂၀၁၉ ဒုတိယသုံးလပတ်သုံးက ယူနစ်ပေါင်း ၇၅.၁ သန်းနဲ့ ၂၀၂၀ ရဲ့ ပထမသုံးလပတ်က သန်း ၆၀ နဲ့နှိုင်းယှဉ်ရင် ဒုတိယသုံးလပတ်က သိသိသာသာ လျော့နည်းသွားတာကို တွေ့မြင်ရပါတယ်။

Huawei ကတော့ ၂၀၁၉ ဒုတိယသုံးလပတ်တုန်းက ယူနစ်ပေါင်း ၅၈ သန်း တင်ပို့နိုင်ခဲ့ပေမယ့် ဒီနှစ်ကာလတူမှာတော့ ၅၄.၁ သန်းပဲ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ Apple ကလည်း ၂၀၁၉ ဒုတိယသုံးလပတ်တုန်းက ယူနစ်ပေါင်း ၃၈.၅ သန်း တင်ပို့ရောင်းချခဲ့ရပေမယ့် ဒီနှစ်ကာလတူသုံးလပတ်မှာတော့ ၃၈.၃ သန်းပဲ တင်ပို့ရောင်းချခဲ့ရတာပါ။

Ref: GSM Arena