Galaxy S22 Ultra, Galaxy S21 Ultra, Apple iPhone 13 Pro, Google Pixel 6 Pro နဲ့ Xiaomi 12 Pro စတာတွေအပါအဝင် ပရီမီယံတန်း စမတ်ဖုန်းအချို့ဟာ Samsung ကထုတ်လုပ်တဲ့ LTPO OLED Display တွေကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က Samsung Display ဟာ အခုလိုမျိုး Display panel တွေကို ထုတ်လုပ်နိုင်တဲ့ တစ်ခုတည်းသော ကုမ္ပဏီဖြစ်ခဲ့ပေမဲ့လည်း လက်ရှိအချိန်မှာတော့ ပြိုင်ဆိုင်မှုအချို့ ရှိနေပြီဖြစ်ပါတယ်။ အစီရင်ခံစာအသစ်အရ Honor Magic 4 နဲ့ Honor Magic 4 Pro တို့ဟာ Samsung Display ကမဟုတ်တဲ့ LTPO OLED မျက်နှာပြင်ကို အသုံးပြုထားတဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်တယ်လို့ သိရပါတယ်။

Display Supply Chain Consultants ရဲ့ CEO ဖြစ်တဲ့ Ross Young က Honor Magic 4 Pro ရဲ့ Display panel ကို တရုတ်ကုမ္ပဏီ BOE နဲ့ Visionox တို့က ထုတ်လုပ်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ Honor ရဲ့ ထိပ်တန်းစမတ်ဖုန်းအသစ်တွေမှာ 6.81-inch OLED မျက်နှာပြင်တွေပါရှိပြီး QHD+ ရုပ်ထွက်နဲ့ 1,000 nits peak brightness အထိပါဝင်ပြီး အရောင်ပေါင်း ဘီလီယံတစ်ထောင်ကျော်ကို ပြန်လည်ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။

Panels တွေဟာ HDR10+ content အထိပြသနိုင်ပြီး ချောမွေ့တဲ့သုံးစွဲနိုင်မှုအတွက် 120Hz refresh rate ကိုလည်း ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် မျက်နှာပြင်အောက်မှာလည်း Fingerprint reader ကို မြှုပ်နှံထားပါသေးတယ်။ Samsung ရဲ့ OLED panels တွေဟာ 1,750 nits အထိ တောက်ပနိုင်တယ်ဆိုပေမဲ့ BOE ရဲ့ LTPO OLED display ကလည်း အတော်လေးကို ကောင်းမွန်တယ်လို့ sammobile က ထောက်ခံရေးသားထားပါတယ်။

အခုအချိန်အထိတော့ BOE ရဲ့ မျက်နှာပြင်တွေဟာ ဘယ်လောက်ထိ ကောင်းမွန်တယ်၊ စွမ်းဆောင်နိုင်တယ်ဆိုတာကို သက်သေပြဖို့ အချိန်တစ်ခုလိုအပ်နေပါသေးတယ်။ တစ်ဖက်မှာလည်း Samsung အနေနဲ့ တရုတ်ကုမ္ပဏီရဲ့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုကို ရင်ဆိုင်နိုင်ဖို့ အခုထက်ပိုပြီး ဆန်းသစ်တီထွင်နေဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

Ref: sammobile