Samsung က ယခုနှစ်အစောပိုင်းမှာ Galaxy S23 Series Flagship ဖုန်းတွေကို မိတ်ဆက်ထားခဲ့ပါတယ်။ အဆိုပါ Galaxy S23 Series ဖုန်းတွေထဲက အကောင်းဆုံးဖြစ်တဲ့ Galaxy S23 Ultra ဆိုရင် ကင်မရာပိုင်းမှာ လက်ရှိအချိန်အထိ အကောင်းဆုံးဖုန်းတစ်လုံးအဖြစ် သတ်မှတ်ခံထားရတုန်းပဲဖြစ်ပါတယ်။

ဒါပေမယ့် တခြား S23 Series ဖုန်းတွေဖြစ်တဲ့ Galaxy S23 နဲ့ S23+ ဖုန်းတွေကတော့ ကင်မရာပိုင်းမှာ တခြား Flagship ဖုန်းတွေနဲ့ ယှဥ်မယ်ဆိုရင် သာမန်အဆင့်လောက်ပဲလို့ ဆိုနိုင်ပါတယ်။ အခုလည်း အဆိုပါ Galaxy S23 နဲ့ S23+ ဖုန်းတွေမှာ ကင်မရာပိုင်း ပြဿနာတစ်ခုကို ကြုံတွေ့နေရပါတယ်။

ဒါကတော့ Samsung Galaxy S23 နဲ့ S23+ ရဲ့ ကင်မရာကနေ ရိုက်ယူလိုက်တဲ့ တချို့သော ဓါတ်ပုံတွေဟာ တချို့နေရာတွေမှာ ကြည်လင်ပြတ်သားခြင်းမရှိဘဲ ဝေဝါးနေတာဖြစ်ပါတယ်။ ဓါတ်ပုံရဲ့ နေရာအကုန်လုံးဝါးနေတာမဟုတ်ဘဲ တချို့နေရာပဲ ဝါးနေတာဖြစ်တဲ့အတွက် “Banana Blur” ဆိုပြီး ကြုံတွေ့နေရတဲ့သူတွေက ခေါ်ဆိုနေကြပါတယ်။

အဆိုပါ ပြဿနာဟာ လက်ရှိ Samsung Community Forum အတွင်းမှာ တော်တော်များများ ကြုံတွေ့နေရပြီး Samsung ကနေ တရားဝင် သိရှိကြောင်းဖြေရှင်းချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ Samsung ရဲ့ ပြောကြားချက်အရ ယခု ပြဿနာဟာ Hardware ကြောင့်ဖြစ်တာမဟုတ်တဲ့အတွက် ဖြေရှင်းနိုင်ဖို့ကို Software ကနေတစ်ဆင့် Update Fix ထုတ်ပေးထားမယ်လို့ ပြောကြားထားပါတယ်။

ဒါပေမယ့် ဘယ်အချိန်မှာ Software Update ရရှိလာမလဲဆိုတာကို ဖော်ပြခဲ့ခြင်းမရှိတာကြောင့် အချိန်အနည်းငယ်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ လောလောဆယ်မှာ အခုလို ဓါတ်ပုံရိုက်ရင် ဝါးနေတာမျိုးကို ဖြေရှင်းဖို့အတွက် အနည်းဆုံး ၃၀ စင်တီမီတာ (သို့) ၁ ပေ အကွာအဝေးကပဲ ရိုက်ဖို့နဲ့ ဖုန်းကို ဒေါင်လိုက်အနေအထားနဲ့ပဲ ဓါတ်ပုံရိုက်ကူးဖို့ အကြံပေးထားပါတယ်။

Ref – GSM Arena