ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Apple ကနေ iPhone 12 Series စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ iPhone 12 Series ဖုန်းတွေမှာ 5G Support ၊ 5nm A14 Bionic Chip နဲ့ Camera ပိုင်းတိုးတက်မှုတွေအပြင် နောက်ထပ်ပြောင်းလဲမှုတစ်ခုကိုပါ Apple ကနေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါကတော့ iPhone 12 Series ဖုန်းအကုန်လုံးမှာ Charger နဲ့ Earphone ကို ထည့်သွင်းမရောင်းချတော့တာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် အသုံးပြုသူတွေအနေနဲ့ရော Samsung နဲ့ Xiaomi လိုမျိုး ကုမ္ပဏီတွေကပါ Apple ကို လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးသိရတဲ့သတင်းတွေအရ Samsung ကပါ လာမယ့်နှစ်အစောပိုင်းမှာ မိတ်ဆက်သွားမယ့် Galaxy S21 Series ဖုန်းတွေမှာ Apple အတိုင်း Charger နဲ့ Earphone တွေ ထည့်သွင်းရောင်းချခြင်းမပြုလုပ်ဖို့ စဥ်းစားနေပြီလို့ သိရပါတယ်။

အဆိုပါ သတင်းကိုတော့ South Korea သတင်းဌာနတစ်ခုဖြစ်တဲ့ ChosunBiz ကနေ ဖော်ပြခဲ့တာဖြစ်ပြီး လောလောဆယ်မှာ နောက်ဆုံးဆုံးဖြတ်ချက်မချရသေးတဲ့အတွက် အတည်မဖြစ်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း Flagship ဖုန်းတွေမှာ USB-C Cable ကလွဲပြီး ကျန်တဲ့ Accessories တွေကို ဖြုတ်သွားဖို့ကလည်း အလေးအနက်စဥ်းစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Samsung ဟာ လောလောဆယ်မှာ Wired AKG Earphone ၊ USB-Charger အပြင် USB Cable တွေကို Flagship ဖုန်းတွေမှာ ထည့်သွင်းပေးလျက်ရှိပြီး တခါတရံ Silicon Case ကိုပါ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့သာ USB-C Cable ကလွဲပြီး ကျန်တဲ့ Accessories တွေကို ဖြုတ်လိုက်မယ်ဆိုရင် ပိုပြီး ဝေဖန်မှုတွေကို ခံရလာနိုင်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိ Samsung Flagship ဖုန်းတွေမှာ 45W Fast Charging စနစ်ကို ရရှိဖို့အတွက် Charger ကို သီးသန့်ဝယ်ယူနေရတဲ့အတွက် တကယ်လို့ အခုလိုမျိုး Accessories တွေကို ဖြုတ်လိုက်ပြီး လိုအပ်တာကိုပဲ စျေးလျော့ပြီး ရောင်းချတာကလည်း ဖြစ်နိုင်ခြေများနေပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ Accessories တွေကို ဖြုတ်ခဲ့မယ်ဆိုရင်တောင်မှ Flagship Series ဖုန်းတွေပဲဖြစ်ဦးမယ်လို့ သိရပါတယ်။

Ref – GSM Arena