Samsung ဟာ ကုမ္ပဏီခွဲနဲ့ ဌာနခွဲများစွာရှိတဲ့ တကယ့် အကြီးစား ကုမ္ပဏီကြီး ဖြစ်ပြီး Galaxy ဖုန်း စီးရီးကို ထုတ်လုပ်နေတဲ့ Samsung Electronics နဲ့ ဖုန်း၊ တီဗီ၊ မော်နီတာတွေအတွက် မျက်နှာပြင်တွေ ထုတ်လုပ်ပေးတဲ့ Samsung Display လည်း ပါဝင်ပါတယ်။ အခုတော့ တောင်ကိုရီးယားက ထွက်လာတဲ့ သတင်းအရ Samsung Electronics ဟာ Samsung Display ရဲ့ အကူအညီ မယူဘဲ ကိုယ်ပိုင် Foldable Glass ကို ဖန်တီးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ မျက်နှာပြင် ထုတ်လုပ်ရာမှာ ကုန်ကျစားရိတ်သက်သာစေဖို့နဲ့ အနာဂတ်မှာ ဒီနည်းပညာ ဈေးသက်သာစေဖို့ ဒီလို ထုတ်လုပ်ချင်တာပါ။

ETNews က Samsung Electronics ရဲ့ မိုဘိုင်းဌာနက Foldable Glass ထုတ်လုပ်တဲ့ ကုမ္ပဏီများစွာကို ဆက်သွယ်နေတယ်လို့ ပြောပါတယ်။ Samsung က ဖုန်း အစိတ်အပိုင်း ထုတ်လုပ်တဲ့ ကုမ္ပဏီကြားမှာ ပြိုင်ဆိုင်မှုပိုမြင့်လာအောင် ဆွပေးလိုက်တာ ဖြစ်ပြီး ဒီနည်းပညာကို အချိန်နဲ့အမျှ‌ဈေးသက်သာအောင် ပြုလုပ်နေတာပါ။ လက်ရှိမှာ Galaxy Z Flip လို ဖုန်းမှာ ကွေးညွှတ်နိုင်စွမ်းရှိပြီး အရမ်းပါးလွှာတဲ့ Glass Panel ပါလာပါတယ်။

လက်ရှိမှာ Galaxy Z Flip ရဲ့ Foldable Glass ကို Samsung Display က ထုတ်လုပ်ပေးထားတာ ဖြစ်ပြီး ဒေါ်လာ ၄၀ လောက်ရှိပါတယ်။ ရိုးရိုး စမတ်ဖုန်းတွေမှာ ပါတဲ့ Glass ဟာ ၂ ဒေါ်လာလောက်ပဲရှိပါတယ်။ Samsung Electronics က ဒီထက် ဈေးနည်းတာကို လိုချင်နေပြီး Display ဌာနအပေါ် မှီခိုနေရတာကို လျှော့ချချင်နေပါတယ်။

Ref : gsmarena