Samsung ဟာ အခုအချိန်မှာ Galaxy Fold နဲ့ Galaxy Z Flip လိုမျိုး Foldable ဖုန်းတွေကို တရားဝင်ရောင်းချနေပြီဖြစ်တဲ့အပြင် ယခုနှစ်မှာလည်း Galaxy Fold 2 ၊ Galaxy Z Flip 5G အစရှိတဲ့ Foldable ဖုန်းအသစ်တွေကို မိတ်ဆက်သွားဖို့ရှိနေတာဖြစ်ပါတယ်။

အခုလည်း Samsung ကနေ ထူးခြားတဲ့ Design နဲ့ နောက်ထပ် Foldable ဖုန်းတစ်လုံးကို မူပိုင်ခွင့်ရယူလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Foldable ဖုန်းဟာ ဖုန်းရဲ့ အပေါ်နဲ့ အောက်ဖက် ၂ ဖက်ကနေ ခေါက်ထားတဲ့ Dual Foldable Design ဖြစ်ပြီး ခေါက်ထားတဲ့အချိန်မှာ “Z” ပုံစံမျိုးဖြစ်နေမှာပါ။

လောလောဆယ် Samsung ကနေ ရယူထားတဲ့မူပိုင်ခွင့် Design အရတော့ Screen ၂ ဖက်က ခေါက်တဲ့နေရာတွေဟာ တော်တော်လေးကို ဟ နေပြီးတော့ ပုံမှန်စမတ်ဖုန်းတစ်လုံးထက် ၃ ဆနီးပါးပိုထူသွားမှာဖြစ်ပါတယ်။ Samsung ဟာ အဆိုပါ Dual Foldable Design ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲက မူပိုင်ခွင့်တင်ထားတာဖြစ်ပြီး အခုအချိန်မှ မူပိုင်ခွင့်ကျခဲ့တာဖြစ်တဲ့အတွက် တကယ်အဆိုပါ Design နဲ့ Foldable ဖုန်းကို မိတ်ဆက်လာမလား၊ ဒါမှမဟုတ် လက်ရှိ Galaxy Z Flip လိုမျိုး ခေါက်ဖုန်းပုံစံနဲ့ပဲ ထုတ်လုပ်သွားမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ ယခုနှစ်မှာ Galaxy Fold 2 နဲ့ Galaxy Z Flip 5G ဖုန်းတွေကို မိတ်ဆက်သွားဖို့ကတော့ သေချာနေပြီး နောက်ထပ် စျေးနှုန်းသက်သာတဲ့ Galaxy Fold Design နဲ့ Foldable ဖုန်းတွေကိုပါ မိတ်ဆက်လာနိုင်တယ်ဆိုပြီး သတင်းတွေထွက်နေတဲ့အတွက် နောက်ပိုင်းမှာ Samsung ကနေ ပုံစံမျိုးစုံနဲ့ Foldable ဖုန်းတွေထွက်လာဖို့ကတော့ ဖြစ်နိုင်ခြေများနေပါတယ်။

Ref – Gizmo China