Samsung ဟာ ဒီနှစ်ထဲမှာ အနည်းဆုံး Foldable ဖုန်း ၃မျိုးကနေ ၄ မျိုးအထိ မိတ်ဆက်သွားဖို့ စီစဉ်နေတာပါ။ ဒါပေမယ့် တောင်ကိုရီးယားကုမ္ပဏီကြီးဟာ သူတို့ရဲ့ တီထွင်ဆန်းသစ်မှုကို Foldable တစ်မျိုးတည်းမှာပဲ ရပ်တန့်နေတာတော့ မဟုတ်ပါဘူး။ နောက်ထပ်ပုံစံသစ်တွေလည်း ပေါ်ပေါက်လာဖို့ ကြိုးစားနေတာကိုတွေ့မြင်ရပါတယ်။

LetsGoDigital ရဲ့ ဖော်ပြမှုမှာတော့ Samsung ရဲ့ နောက်ထပ်တီထွင်ဆန်းသစ်မှုဟာ Dual Slider ဖြစ်နေပြီး Rollable မဟုတ်တာကို တွေ့ရပါတယ်။ ဒီဇိုင်းကိုတော့ ၂၀၂၀ မတ်လ က WIPO (World Intellectual Property Office) မှာ မူပိုင်ခွင့်လျှောက်ထားတာ ဖြစ်ပါတယ်။ နာမည်အတိုင်းပဲ ဟန်းဆက်ရဲ့ ဘေးနှစ်ဖက်စလုံးကို Slider ဆွဲလို့ရတဲ့ ဒီဇိုင်းအဖြစ်တွေ့ရပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်က Dual Screen လိုမျိုး ရှေ့ဘက်ရော၊ အနောက်ဘက်ပါ တစ်ပြိုင်နက်အသုံးပြုနိုင်ဖွယ်ရှိတယ်ဆိုတဲ့ အချက်ပါ။ အကြောင်းက ကျောဘက်မှာ ဒုတိယမျက်နှာပြင်၊ ဒါမှမဟုတ် metal film, fabric ဒါမှမဟုတ် Leather လိုမျိုး Flexible material ကို သုံးထားတဲ့ ပုံစံမျိုးဖြစ်လို့ပါပဲ။ မူပိုင်ခွင့်ကို ဇန်နဝါရီလ ၂၁ ရက်နေ့ကထုတ်ပြန်ခဲ့တာဖြစ်ပြီး 3D Color Render ကိုတော့ Jermaine Smit နဲ့ပူးပေါင်း ဖန်တီးခဲ့တာပါ။

မျက်နှာပြင်ဟာ ဘေးဘယ်၊ ညာနှစ်ဖက်စလုံးကို ဆွဲထုတ်လိုက်ပြီး မျက်နှာပြင်ကို ချဲ့လိုက်တဲ့ ဒီဇိုင်းလည်း ဖြစ်ပါတယ်။ဒီအတွက် အတွင်းမှာ Switch gear နှစ်ခုနဲ့ Gear rail ကို အသုံးပြုထားတဲ့ပုံစံအဖြစ် တွေ့ရပါတယ်။ မျက်နှာပြင်ကိုချဲ့လိုက်ချိန်မှာ ၃၀% ပိုကြီးလာမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပုံမှန် 6-inch အရွယ်ကနေ ချဲ့လိုက်ရင် 8-inch အရွယ် ဖြစ်လာမယ်လို့ ဆိုရပါမယ်။

မူပိုင်ခွင့်ထဲမှာတော့ အရှေ့ဘက်ကင်မရာ ပါဝင်ခြင်းမရှိပေမယ့် Foldable အဟောင်းတုန်းကလိုပဲ Punch-hole ကိုအသုံးပြုသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါကို 3D Render မှာလည်း ထည့်သွင်းဖော်ပြထားပါတယ်။ ကျောဘက်က ကင်မရာအပြင်အဆင်ကတော့ Galaxy S21 နဲ့ ဆင်တူတယ်လို့ပဲ ဆိုရပါလိမ့်မယ်။ Samsung ရဲ့ ဒီမူပိုင်ခွင့်ဟာ စီးပွားဖြစ် Device အဖြစ် အကောင်အထည်ပေါ်လာမလား၊ မပေါ်လာဘူးလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: Gizmochina