ပြီးခဲ့တဲ့ရက်က ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ Huawei ဟာ ဒုတိယသုံးလပတ်မှာ စမတ်ဖုန်း ထုတ်လုပ်ရေးကို ဦးဆောင်နေပြီး၊ LG မိုလ်ဘိုင်းကတော့ ဆက်ပြီးတော့ အရှုံးပေါ်နေဆဲလို့ သိရပါတယ်။ ဒီကာလအတွင်းမှာ တောင်ကိုရီးယား စမတ်ဖုန်းကုမ္ပဏီ Samsung ကတော့ ဦးဆောင်သူနေရာကနေ ဖယ်ပေးလိုက်ရပါတယ်။

Samsung အနေနဲ့ ဦးဆောင်သူနေရာကနေ ဖယ်ပေးလိုက်ရတယ်ဆိုပေမယ့် ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်အတွက်ထုတ်တဲ့ ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံစာအရ စုစုပေါင်းကိန်းဂဏန်းတွေကတော့ အခြေအနေကောင်းနေဆဲဖြစ်တာကို တွေ့ရပါတယ်။ ဒါဟာ စမတ်ဖုန်းကဏ္ဍကြောင့် သက်သက်တော့မဟုတ်ပါဘူး။

Samsung ဟာ နှစ်စဉ်အမြတ်ငွေအများစုကို ဝယ်လိုအားတိုးလာတဲ့ Memory chip တွေကြောင့် ရရှိနေတာလည်း ဖြစ်ပါတယ်။ မိုလ်ဘိုင်းကဏ္ဍမှာလည်း ဝင်ငွေ ၂၀ ရာခိုင်နှုန်းလျော့ကျသွားတယ်ဆိုပေမယ့် လုပ်ငန်းလည်ပတ်အမြတ်ငွေကတော့ တိုးတက်လာတယ်လို့ သိရပါတယ်။

အိုင်တီနဲ့ မိုလ်ဘိုင်းဆက်သွယ်ရေးဌာနကလည်း စုစုပေါင်းဝင်ငွေ ကိုရီးယားဝမ် ၂၀.၇၅ ထရီလီယံ (ဒေါ်လာ ၁၇.၃ ဘီလီယံ)နဲ့ ဧပြီလကနေ ဇွန်လအတွင်း လုပ်ငန်းလည်ပတ်မှုအမြတ်ငွေ ကိုရီးယားဝမ် ၁.၉၅ ထရီလီယံ (ဒေါ်လာ ၁.၆၃ ဘီလီယံ) ရယူပေးထားနိုင်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်နဲ့ နှိုနင်းယှဉ်ရင် ၂၅ ရာခိုင်နှုန်း တိုးလာတာပဲ ဖြစ်ပါတယ်။

COVID-19 ကာလအတွင်း မြောက်အမေရိကနဲ့ ဥရောပတို့လို အဓိကဈေးကွက်တွေ Lockdown ဖြစ်နေတာကလည်း QoQ ဝယ်လိုအားကို ကျဆင်းစေပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ ကုန်ကျစရိတ်စီမံခန့်ခွဲမှု၊ ဈေးကွက်အသုံးစရိတ်လျော့ကျမှု၊ Offline အရောင်းမြှင့်တင်ခြင်းတွေကြောင့် အလုံးအထည်မပျက်ဖြစ်နေပြီး အပေါင်းလက္ခဏာဆန်တဲ့ပုံစံကို ပြသဖို့ ကြိုးစားနိုင်တာကို တွေ့ရပါတယ်။

Samsung အနေနဲ့ လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ Galaxy Unpacked ကို ကျင်းပပြုလုပ်ပြီး ဒုတိယနှစ်ဝက်အတွက် Flagship တွေကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားကုမ္ပဏီဟာ ဈေးကွက်တစ်ခုလုံးမှာ တဖြည်းဖြည်းနဲ့ ပြန်ပြီးနာလန်ထူလာမယ်လို့ မျှော်လင့်နေပေမယ့် မသေချာမရေရာတဲ့အခြေအနေမှာ ဝယ်လိုအားဟာ ဆက်ပြီးနှေးကွေးနေဦးမယ်လို့ ယူဆရပါတယ်။

Ref: GSM Arena