Samsung ဟာ တခြားသော စမတ်ဖုန်းနဲ့ PC ထုတ်လုပ်သူတွေလိုမျိုးပဲ တကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ Chip ပြတ်တောက်မှုပြဿနာနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Bloomberg သတင်းဌာနရဲ့ ဖော်ပြချက်အရ Galaxy S21 FE ထုတ်လုပ်နေမှုကို Chip ထောက်ပံ့မှုပြတ်တောက်သွားတဲ့အတွက် ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Samsung ကနေ အခုအချိန်မှာ အဆိုပါသတင်းထွက်ပေါ်ခဲ့သလိုမျိုး လက်ရှိမိတ်ဆက်ဖို့ရှိနေတဲ့ စမတ်ဖုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့အထိ ဆုံးဖြတ်ထားခြင်းမရှိဘူးလို့ တရားဝင်ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ Samsung ရဲ့ ပြောကြားချက်မှာ Galaxy S21 FE ဆိုပြီး နာမည်အတိအကျပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

Samsung ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Galaxy S20 FE ကို ပထမဆုံးအနေနဲ့မိတ်ဆက်ခဲ့တာဖြစ်ပြီး စျေးနှုန်းသက်သာတဲ့အပြင် Flagship S Series တွေမှာပါဝင်တဲ့ Feature တွေအများအပြားပါဝင်တာကြောင့် လူကြိုက်များခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung ကနေ ဆက်လက်ပြီး FE (Fan Edition) ဖုန်းတွေကို မိတ်ဆက်ဖို့စီစဥ်ထားတယ်လို့ ပြောကြားခဲ့တဲ့အတွက် ဒီနှစ် Galaxy S21 FE ကိုလည်း စောင့်ဆိုင်းသူတွေရှိနေတာဖြစ်ပါတယ်။

Samsung Galaxy S21 FE ဟာ Design ပိုင်းမှာ ယခုနှစ်အစောပိုင်းတုန်းက ထွက်ရှိထားတဲ့ Galaxy S21 ဖုန်းနဲ့ ဆင်တူမှာဖြစ်ပြီး Performance ပိုင်းမှာလည်း Qualcomm Snapdragon 888 Chipset ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ Galaxy S21 ဖုန်းတွေနဲ့ အဓိကကွာခြားသွားမယ့် Feature တွေကတော့ Camera ပိုင်းနဲ့ ကိုယ်ထည် Design ပိုင်းပဲဖြစ်နိုင်ပြီး ကျန်တဲ့အပိုင်းတွေမှာ ဆင်တူနေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ကတော့ ထုတ်လုပ်မှုရပ်ဆိုင်းထားခြင်းမရှိသေးဘူးလို့ ငြင်းဆိုထားတဲ့အတွက် ယခုနှစ်အတွင်းမှာတော့ Galaxy S21 FE စမတ်ဖုန်းကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref – The Verge