Samsung က Galaxy Unpacked Event ကို ဩဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပမယ်လို့ တရားဝင် အသိပေးထားပြီး အဲဒီ ပွဲမှာ နောက်မျိုးဆက် Foldable စမတ်ဖုန်းတွေ ဖြစ်တဲ့ Galaxy Z Fold3 နဲ့ Z Flip3 တို့ကို ကြေညာနိုင်ပါတယ်။ အခုတော့ Samsung က မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ လူတွေ ပိုစိတ်ဝင်စားအောင် Teaser Video ၁ ခုကို YouTube မှာ မျှဝေလိုက်ပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

Video မှာ Motorola DynaTAC , Nokia 3310 , BlackBerry Devices နဲ့ တခြား ဖုန်း သမိုင်းကြောင်းတွေကို အကျဉ်းချုပ် ပြသထားပါတယ်။ အဲဒီ ဖုန်းတွေဟာ အဲဒီခေတ်တုန်းကတော့ အရမ်းကောင်းတဲ့ ဖုန်းတွေဖြစ်ပြီး အခုခေတ်မှာ အဲဒီ ဖုန်းတွေကို ပိုမိုကောင်းအောင် တီထွင်ဆန်းသစ်ရမှာ ဖြစ်ပါတယ်လို့ Video မှာ ရှင်းပြထားပါတယ်။ အဲဒါဟာ Samsung Galaxy Fold Series ကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ Video အဆုံးနားမှာ Galaxy Z Fold3 ဒီဇိုင်းကို အရိပ်အမြွက်ပြသထားတာ မြင်ရပါတယ်။

Galaxy Z Fold3 ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်နေတာ ကြာပါပြီ။ ဒီလ အစောပိုင်းကပဲ Galaxy Z Fold3 ရဲ့ ဓါတ်ပုံတွေ အတွင်းပိုင်း သတင်းအရင်းအမြစ်ကနေ ထွက်လာပြီး Galaxy Z Fold3 ကို ရှုထောင့်မျိုးစုံက မြင်ရပါတယ်။

အနက်၊ အစိမ်းနဲ့ ပန်းရောင် ၃ ရောင် မြင်ရပြီး ၃ လုံးစလုံးရဲ့ အနောက်ဘက်ဟာ Matte Surface ဖြစ်မယ်လို့ ထင်ပါတယ်။ အပြင်ဘက်မှာ Punch Hole ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး 10MP Sensor လို့ သတင်းထွက်နေပါတယ်။ အတွင်းဘက်မှာ 16MP Under Display ကင်မရာ ၁ လုံး ပါလာနိုင်ပါတယ်။ အသံခလုတ်တွေနဲ့ လက်ဗွေရာ ကိရိယာကို ညာဘက်မှာ ထည့်သွင်းထားပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာကာ Periscope နဲ့ IR Sensor တွေ မမြင်ရပါဘူး။

အရင်သတင်းတွေအရ Galaxy Z Fold3 မှာ ၇.၅၅ လက်မ အတွင်းဘက် Foldable မျက်နှာပြင်နဲ့ ၆.၂၃ လက်မ အပြင်ဘက် မျက်နှာပြင်တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး မျက်နှာပြင် ၂ ခုစလုံးက 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။

Chipset အကြောင်းပြောရရင် Snapdragon 888 or 888+ သုံးထားနိုင်သလို Samsung ရဲ့ Exynos 2100 သို့မဟုတ် ပိုမိုက်တဲ့ အသစ် ၁ လုံး ထည့်သွင်းထားနိုင်ခြေလည်း ရှိပါတယ်။ အရင်မျိုးဆက် Fold ဖုန်းတွေမှာတော့ Qualcomm Chipset ကိုပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Galaxy Z Fold3 မှာ S Pen ပါလာနိုင်ပြီး သီးခြား ဝယ်ယူရမယ်လို့ သတင်းထွက်နေပါတယ်။ 25W Wired နဲ့ 15W Wireless Charging ထောက်ပံ့တဲ့ 4,400mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena