Samsung ဟာ ဒီလအစောပိုင်းတုန်းက “Life Unstoppable” virtual event ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီ Event မှာ Galaxy Tab A7, Galaxy Fit2 နဲ့ Wireless Charger Trio ကို ကြေညာခဲ့ပါတယ်။ Samsung ရဲ့ Wireless Charger ဟာ Apple ရဲ့ AirPower Charging Mat နဲ့ ခပ်ဆင်ဆင်ပုံစံလို့ ဆိုနိုင်ပါတယ်။

ဒီ Wireless Charger ဟာ စမတ်ဖုန်း၊ Earbuds နဲ့ စမတ်နာရီ စတဲ့ သုံးမျိုးစလုံးကို ကြိုးမဲ့စနစ်နဲ့ တစ်ပြိုင်နက် အားသွင်းနိုင်တာလည်း ဖြစ်ပါတယ်။ Samsung ဟာ Event မှာ အားသွင်းခြင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် Samsung ဂျာမနီနဲ့ ကိုရီးယားရဲ့ စတိုးစာမျက်နှာမှာတော့ Wireless Charging Trio ကို ဖော်ပြထားတာ တွေ့မြင်ရပါတယ်။

အခုအချိန်မှာတော့ ဒီ Charger နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်အချို့ကို တွေ့မြင်နေရပြီလည်း ဖြစ်ပါတယ်။ Charger Trio ဟာ အားသွင်းကွိုင် ၆ ခုရှိပြီး Samsung ဖုန်းတွေကို 9W နှုန်းနဲ့ လျှင်လျှင်မြန်မြန် အားသွင်းပေးနိုင်ပါတယ်။ ဒါ့အပြင် Qi device တွေကိုလည်း 5W အထိ ထောက်ပံ့ပေးဦးမှာဖြစ်ပြီး၊ Apple ရဲ့ ထုတ်ကုန်တွေကိုဆိုရင်တော့ 7.5W နဲ့ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

အားသွင်းမှုအခြေအနေကို သိနိုင်ဖို့အတွက် LED indicator တွေလည်း ရှိပါတယ်။ အရွယ်အစားက 240 x 86 x 15.5 mm ဖြစ်ပြီး အလေးချိန်ကတော့ 320g ဖြစ်ပါတယ်။ အဖြူရောင်၊ ဒါမှမဟုတ် အနက်ရောင်နဲ့ လာမှာဖြစ်ပြီး Samsung Flagship တွေဖြစ်တဲ့ (S, Note, Fold နဲ့ Z စီးရီး) တွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ Galaxy S6 ကနေ Galaxy Z Fold2 အထိ သုံးနိုင်မှာဖြစ်ပါတယ်။

Galaxy Buds (+) ဒါမှမဟုတ် Galaxy Buds Live အပါအဝင် အခြား ကြိုးမဲ့စနစ်နဲ့အားသွင်းနိုင်တဲ့ Galaxy Watch မော်ဒယ်တွေကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတွေအနေနဲ့ 3mm အထူရှိတဲ့ Case နဲ့လည်း အားသွင်းနိုင်မှာဖြစ်ပြီး Material ပေါ်မှာတော့ မူတည်တယ်လို့ ရည်ညွှန်းထားပါတယ်။ ဒီ Wireless Charger Trio ရောင်းချမယ့်အချိန် အတိအကျကို မသိရသေးပေမယ့် သိပ်ကြာကြာမစောင့်ရတော့ဘူးလို့ ယူဆရပါတယ်။

Ref: GSM Arena