Apple အနေနဲ့ iPhone 12 တွေကို လာမယ့် အောက်တိုဘာလ တစ်ရက်ရက်မှာ ဈေးကွက်ထဲပို့ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။ အခုအချိန်ထိတော့ iPhone 12 တွေနဲ့ပတ်သက်တဲ့ သတင်းတွေကို ပေါက်ကြားမှုတွေကတစ်ဆင့်ပဲ သိရှိနေရသေးတာ ဖြစ်ပါတယ်။

ပေါက်ကြားသတင်းတွေကို ပြန်ပြီးဖောက်သည်ချတဲ့ Leaker သစ်တစ်ဦးကတော့ Apple ရဲ့ လာမယ့် Entry-level 5.4-inch iPhone ကို “iPhone 12 mini” လို့ ခေါ်တွင်မယ်ဆိုပြီး ပြောဆိုလာပါတယ်။ ဒါ့အပြင် “iPhone 12 Max” ကိုလည်း “iPhone 12” လို့ပဲ နာမည်ပေးတော့မယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါသေးတယ်။ ကျန်တဲ့အမျိုးအစားနှစ်မျိုးကတော့ iPhone 12 pro နဲ့ iPhone 12 Pro Max ဆိုတဲ့အမည်တွေပဲ ဖြစ်နေဦးမှာပါ။

ဒီ ပေါက်ကြားသတင်းကိုဖော်ပြသူဟာ နာမည်ကျော်မဟုတ်တဲ့အတွက်၊ သူ့ရဲ့သတင်းရင်းမြစ်က ခိုင်မာလား၊ မခိုင်မာဘူးလားဆိုတာကိုလည်း မှန်းဆလို့မရနိုင်ပါဘူး။ ဒါပေမယ့်လည်း Apple ရဲ့ Device တွေကို နာမည်ပေးပုံနဲ့ပတ်သက်ပြီး “mini” ဆိုတဲ့ဝေါဟာရကိုတော့ ဖယ်ထားလို့မရနိုင်တာလည်း အမှန်ပဲဖြစ်ပါတယ်။

Apple ဟာ iPad နဲ့ Mac ကွန်ပျူတာ ထုတ်ကုန်တွေမှာ “mini” ဆိုတဲ့ ဝေါဟာရကိုအသုံးပြုနေပါတယ်။ ဒါ့အပြင် iPod mini ဆိုတဲ့နာမည်ကိုလည်း မေ့ထားလို့တော့ မရပါဘူး။ ဒါကြောင့် iPhone တွေမှာလည်း “mini” ဆိုတဲ့နာမည်ကို မထည့်သွင်းဘူးလို့ စုံကန်ငြင်းလို့ မရနိုင်တာပဲ ဖြစ်ပါတယ်။

ဒီနှစ်အတွက် ထွက်ရှိလာမယ့် iPhone သစ် လေးမျိုးရဲ့ နာမည်တွေဟာ ပြီးခဲ့တဲ့ iPhone 11 တွေတုန်းကလိုပဲ ဖြစ်မလား၊ ဒါမှမဟုတ် အပြောင်းအလဲ ဖြစ်လာမလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena