၂၀၁၉ နှစ်ကုန်မှာ မိတ်ဆက်ခဲ့တဲ့ Qualcomm ရဲ့မျိုးဆက်သစ် စွမ်းအားမြင့် Snapdragon 865 ချစ်ပ်ဆက်ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေ ဈေးကွက်ထဲမှာ ထွက်ရှိနေပြီဖြစ်ပေမယ့် ဈေးကိုမကြည့်ဘဲ Flagship ဟန်းဆက်ကောင်းကောင်းကိုင်ချင်သူတွေအတွက်တော့ နည်းနည်းစောင့်ကြည့်သင့်တဲ့ သတင်းတစ်ခု ထွက်လာခဲ့ပြန်ပါပြီ။

သတင်းတစ်ခုမှာ Qualcomm ဟာ Snapdragon 865 ရဲ့ အဆင့်မြှင့်ထားတဲ့ ဗားရှင်းကို ၂၀၂၀ ခုနှစ် တတိယ သုံးလပတ်လောက်မှာ ထပ်မံမိတ်ဆက်သွားမယ်လို့ ဆိုလာပြီး ၎င်းကို Snapdragon 865 Plus (SD 865+) လို့ ခေါ်ဆိုလာမှာဖြစ်ကြောင်း ဖော်ပြလာခဲ့ပါတယ်။

ဒီသတင်းဟာ Digital Chat Station ရဲ့ Weibo ပိုစ့်တစ်ခုကနေ တွေ့ရှိခဲ့ရတာဖြစ်ကာ Snapdragon 865+ ကို အခုနှစ် တတိယသုံးလပတ်မှာ မိတ်ဆက်မယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် Prototype တွေကို လာမယ့်နှစ်လအတွင်း မြင်ရမယ်လို့ ဆိုတာကြောင့် ဧပြီလလောက်မှာ သတင်းထပ်ထွက်လာနိုင်ခြေရှိပါတယ်။

မနှစ်ကလည်း Qualcomm ဟာ Flagship ပရိုဆက်ဆာနှစ်ခုဖြစ်တဲ့ Snapdragon 855 နဲ့ Snapdragon 855+ တို့ကို မိတ်ဆက်ခဲ့တာကြောင့် ဒီသတင်းဟာဖြစ်နိုင်ခြေရှိနေတာပါ။ သူ့ရှေ့က Snapdragon 835 နဲ့ 845 တို့မှာတော့ Plus ဗားရှင်းတွေ မရှိခဲ့ပေမယ့် ၂၀၁၆ ခုနှစ်ကလည်း Snapdragon 820 နဲ့ 821 ဆိုပြီး နှစ်မျိုး မိတ်ဆက်ခဲ့ပါသေးတယ်။

ဒီချစ်ပ်ဆက်နှစ်ခုကြားက အဓိကကွာခြားချက်ကတော့ CPU နဲ့ GPU စွမ်းဆောင်ရည်တွေကို အနည်းငယ် မြှင့်တင်လာတာပဲ ဖြစ်မှာပါ။ Snapdragon 865+ ကိုသာ မိတ်ဆက်လာရင်တော့ Xiaomi, OnePlus, Vivo, Nubia နဲ့ BlackShark တို့လို ထုတ်လုပ်သူတွေဆီက အခုနှစ်အတွက် ဒုတိယအကြိမ် Flagship ထုတ်ကုန်တွေဆီမှာ ပါလာကောင်း ပါလာနိုင်ပါတယ်။

Ref – Gizmo China