Qualcomm ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက လာမယ့် ၂၀၂၁ မှာ မိတ်ဆက်မယ့် Android Flagship ဖုန်းတွေအတွက် Snapdragon 888 Chipset ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Snapdragon 888 Chipset ဟာ 5nm Architecture ကို အခြေခံထားတာဖြစ်သလို စွမ်းဆောင်ရည်ပိုင်းမှာလည်း ယခင်ထက် ပိုပြီးကောင်းမွန်လာမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Qualcomm ကနေ တရားဝင်ထုတ်ပြန်လိုက်တဲ့ Benchmark ရလဒ်တွေအရ Snapdragon 888 ဟာ Apple ရဲ့ 5nm Chipset ဖြစ်တဲ့ A14 Bionic နဲ့ ယှဥ်ပြိုင်နိုင်ခြင်းမရှိသေးပါဘူး။ ဒါတင်မဟုတ်သေးဘဲ မနှစ်တုန်းကထွက်ရှိထားတဲ့ A13 Bionic Chip ကို အသုံးပြုထားတဲ့ iPhone 11 ထက်တောင် စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းနေတာကိုတွေ့ရပါတယ်။

အရင်ဆုံး CPU Benchmark App တစ်ခုဖြစ်တဲ့ Geekbench 5 မှာဆိုရင် Snapdragon 888 ဟာ Multi-core Performance ပိုင်းမှာ iPhone 11 Pro ထက် အနည်းငယ်ပိုသာတယ်ဆိုပေမယ့် Single-core Performance ပိုင်းမှာတော့ ပိုပြီးအားနည်းနေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ GFXBench လိုမျိုး Benchmark တွေမှာလည်း Snapdragon 888 ဟာ iPhone 11 ထက်ပိုပြီး အားနည်းနေတုန်းပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိ 5nm Chipset တွေထဲမှာတော့ Apple ရဲ့ A14 Bionic Chipset က အကောင်းဆုံးဖြစ်နေပြီးတော့ ဒုတိယနေရာမှာ Qualcomm Snapdragon 888 နဲ့ တတိယနေရာမှာ Huawei Kirin 9000 Chipset တွေရှိနေတယ်လို့ ပြောနိုင်ပါတယ်။ လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာလည်း Samsung ကနေ Exynos 2100 Chipset ကို မိတ်ဆက်ဖို့ရှိနေပြီး လက်ရှိထွက်ပေါ်ထားတဲ့သတင်းတွေအရ Snapdragon 888 ထက်တောင် စွမ်းဆောင်ရည်ပိုင်းပိုကောင်းမယ်လို့ သိရပါတယ်။

Ref – Giz China