Sony ဟာ စမတ်ဖုန်းစျေးကွက်ထဲမှာ သိပ်ပြီးအောင်မြင်မှုမရှိဘူးလို့ ပြောနိုင်ပေမယ့် Camera စျေးကွက်နဲ့ Entertainment ပိုင်းမှာတော့ အောင်မြင်နေတာဖြစ်ပါတယ်။ အခုလည်း Sony ကနေ Camera Drone စျေးကွက်ထဲကို Airpeak Project နာမည်နဲ့ ဝင်ရောက်လာတော့မယ်ဆိုပြီး ကြေညာလိုက်ပါပြီ။

အဆိုပါ Airpeak Project ဟာ Sony ရဲ့ လက်ရှိအကောင်းဆုံးကင်မရာပိုင်းနည်းပညာတွေကို အသုံးပြုလာမယ့်အပြင် Reality ၊ Real-time နဲ့ Remote ဆိုပြီး အဓိပ္ပါယ်ရတဲ့ 3R နည်းပညာကိုလည်း အသုံးချလာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လက်ရှိစျေးကွက်ထဲမှာရှိနေတဲ့ Camera Drone တွေထက် အဆင့်ပိုမြှင့်တဲ့ Project တစ်ခုဖြစ်လာနိုင်ပါတယ်။

 

လောလောဆယ်မှာတော့ Sony ကနေ Airpeak Project နဲ့ ပတ်သက်ပြီး အသေးစိတ်ပြောကြားထားခြင်းမရှိသေးဘဲ လာမယ့် ၂၀၂၁ အစောပိုင်းမှ တရားဝင်စတင်မယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ Drone ပုံစံကို အနည်းငယ်ဖော်ပြထားတဲ့ Teaser Video ကိုပဲ တင်ထားခဲ့တာဖြစ်ပါတယ်။

Sony ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ပန်ကာတွေကို ခေါက်သိမ်းနိုင်တဲ့ Drone တစ်ခုကို မူပိုင်ခွင့်တင်ခဲ့ပြီးတော့ ယခု Teaser Video အရ အဆိုပါ မူပိုင်ခွင့်ထဲက Drone ပုံစံနဲ့တောင် ပိုပြီး ဆင်တူနေတာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ အဆိုပါ Airpeak Project ဟာ စစခြင်းအနေနဲ့ Consumer တွေထက် ရုပ်ရှင်ရိုက်ကူးရေးပိုင်းတွေဖြစ်တဲ့ Enterprise ပိုင်းကို ဦးတည်ထုတ်လုပ်သွားဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Sony အနေနဲ့ Drone စျေးကွက်ကို ဝင်ရောက်လာပြီဆိုတာက လက်ရှိ Drone နည်းပညာမှာ ပြိုင်ဘက်ကင်းဖြစ်နေတဲ့ DJI လိုမျိုး ကုမ္ပဏီတွေအတွက်တော့ စိုးရိမ်စရာပါ။

Ref – GSM Arena