Sony ဟာ အခုနောက်ပိုင်းမှာ IMX နာမည်နဲ့ စမတ်ဖုန်းတွေအတွက် Camera Sensor တွေအစား ပိုကောင်းမွန်တဲ့ Lytia နာမည်နဲ့ Sensor အသစ်တွေကို ပြောင်းလဲထုတ်လုပ်နေပြီဖြစ်ပါတယ်။ အခုဆိုရင်လည်း အဆိုပါ Sony Lytia Camera Sensor တွေကို OPPO ၊ OnePlus အစရှိတဲ့စမတ်ဖုန်းတွေမှာ စတင်တွေ့ရှိနေရပြီဖြစ်ပါတယ်။

အခုလည်း Sony ကနေ လာမယ့် ၂၀၂၄ ခုနှစ်အတွက် စမတ်ဖုန်းတွေရဲ့ Flagship Camera Sensor အသစ်ဖြစ်လာနိုင်တဲ့ Lytia LYT-900 Camera Sensor ကို တိတ်တဆိတ်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Lytia LYT-900 Camera Sensor အကြောင်းအသေးစိတ်ကို မသိရှိရသေးပေမယ့် Sony Lytia Weibo စာမျက်နှာကနေ အချက်အလက်အချို့ကို ဖော်ပြထားခဲ့ပါတယ်။

Sony Lytia LYT-900 Sensor ဟာ 50MP 1-inch Sensor အမျိုးအစားဖြစ်ပြီး Pixel Size 1.6μm ရှိမယ်လို့သိရပါတယ်။ တခြားသော Sony Lytia Camera Sensor တွေလိုမျိုးပဲ Stacked CMOS နည်းပညာကိုအသုံးပြုထားပြီး Transistor နဲ့ Photodiode တွေအတွက် Layer တစ်ခုစီပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန် Sensor တွေထက် အလင်းရောင်ဝင်ရောက်နှုန်းပိုမြင့်မားပြီး Low-light အခြေအနေတွေမှာ ပိုကောင်းမွန်တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။

တချို့သတင်းတွေအရ ယခုအသစ်မိတ်ဆက်လိုက်တဲ့ Lytia LYT-900 Sensor ဟာ ယခင်တုန်းက Xiaomi 13-Ultra နဲ့ vivo X90 Pro ဖုန်းတွေမှာ အသုံးပြုခဲ့တဲ့ 1-inch Sensor အမျိုးအစားဖြစ်တဲ့ Sony IMX989 Sensor ရဲ့ Generation အသစ်ဖြစ်လာမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ယခု Sony Lytia LYT-900 Camera Sensor ကို လာမယ့် ၂၀၂၄ ခုနှစ်မှာ မိတ်ဆက်ဖို့ရှိနေတဲ့ Xiaomi 14 Ultra ၊ OPPO Find X7 Pro နဲ့ vivo X100 Pro+ လိုမျိုး ဖုန်းတွေမှာ အသုံးပြုထားဖွယ်ရှိနေပါတယ်။

Ref – Gizmo China