လွန်ခဲ့တဲ့နှစ်တုန်းက တောင်ကိုရီးယားရဲ့ အထင်ကရကုမ္ပဏီကြီးဖြစ်တဲ့ LG ဟာ သူ့ရဲ့စမတ်ဖုန်းလုပ်ငန်းကို စွန့်လွှတ်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နယ်ပယ်မှာ ဒီလိုအမှတ်တံဆိပ်တစ်ခုတောင်မှ ရှင်သန်ဖို့ရုန်းကန်ရတယ်ဆိုတာကို ထင်ထင်ရှားရှားပြသလိုက်တဲ့ ဥပမာလို့ဆိုနိုင်ပါတယ်။

Sony ရဲ့ ၂၀၂၁ ခုနှစ် နောက်ဆုံးသုံးလအတွက် ဘဏ္ဍာရေးအစီရင်ခံစာ ထွက်ပေါ်လာချိန်မှာ ကုမ္ပဏီဟာ မိုလ်ဘိုင်းလုပ်ငန်းမှာ ကျဆင်းမှုအချို့ ဖြစ်ပေါ်နေတာကို တွေ့ရှိရပါတယ်။ ကိန်းဂဏန်းတွေရဲ့ပြသချက်အရ ရောင်းအားဟာ ၁၃% အထိ တိုးတက်လာပြီး လုပ်ငန်းလည်ပတ်မှုဝင်ငွေပိုင်းမှာ ၃၂% တိုးတက်လာတယ်လို့ သိရပါတယ်။

အကြောင်းရင်းကတော့ Motion Pictures ဌာနခွဲနဲ့ သူ့ရဲ့ Spiderman: No Way Home, Venom: Let There Be Carnage နဲ့ Seinfeld လိုင်စင်သဘောတူညီမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ တိုးတက်မှုလို့ ဆိုရမှာဖြစ်ပါတယ်။ PlayStation 5 consoles တွေကိုတော့ အလုံးရေ ၃.၉ မီလီယံပဲရောင်းချနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ၂၀၂၀ ပြည့်နှစ် အားလပ်ရက်ရသီထက် နိမ့်ကျနေသလို၊ ခန့်မှန်းထားတဲ့ကိန်းဂဏန်းတွေထက်လည်း လျော့နည်းခဲ့ပါတယ်။

Mobile Communications အပိုင်းမှာတော့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလကြားမှာ အထင်ကြီးဖွယ်ရာမစွမ်းဆောင်နိုင်ဘဲ အရောင်းကျဆင်းမှုဖြစ်ခဲ့ပြီး Electronic Products & Systems division တစ်ခုလုံးကိုပါ ဆွဲချသွားကြောင်း အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။ Sony ရဲ့ CFO ဖြစ်တဲ့ Hiroki Totoki ကတော့ လူတွေက PS5 ကို ဝယ်လိုကြပေမဲ့ မိတ်ဖက်တွေဟာ လက်ရှိ Components ထောက်ပံ့မှုကို Chip အကြပ်အတည်းကြောင့် အမီမလိုက်နိုင်ဘူးလို့ ဆိုပါတယ်။

ဂျပန်ကုမ္ပဏီဟာလည်း ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ ရုန်းကန်မှုတွေဆက်ပြီးရှိနေဦးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအခြေအနေဟာ (ဧပြီ ၂၀၁၁−မတ် ၂၀၂၂) ဘဏ္ဍာနှစ် အတွက်ခန့်မှန်းချက်အဖြစ် ၁၄.၈ မီလီယံ ယူနစ်ကနေ ၁၁.၅ မီလီယံယူနစ်ဆီကို ဦးတည်ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။ Sony ဟာ လက်ရှိအချိန်မှာ PS5 ထုတ်လုပ်ခြင်းနဲ့ ရောင်းချခြင်းမှာ ရှုံးနိမ့်နေပေမဲ့ အခြား ဂိမ်းတွေ၊ ဖျော်ဖြေရေးတွေရောင်းချရမှုနဲ့ ပြန်ဆယ်နေနိုင်တယ်လို့ ဆိုရပါလိမ့်မယ်။

Ref: GSM Arena