Sony က ကုမ္ပဏီရဲ့ အီလက်ထရောနစ်ဌာန ၃ ခုကို ပြန်လည် ဖွဲ့စည်းနေပါတယ်။ အဲဒီ ဌာနတွေက Sony Mobile Communication, Imaging Products & Solutions နဲ့ Home Entertainment & Sound တို့ ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့ကစလို့ အဲဒီဌာနအားလုံးကို Sony Electronics Corporation ဌာန ၁ ခုထဲ အဖြစ် ပေါင်းစည်းမှာပါ။

သဘောကတော့ Sony ဟာ ဖုန်း ၊ ကင်မရာ၊ တီဗီနဲ့ နေအိမ်သုံး Audio Hardware တွေကို ကုမ္ပဏီ ၁ ခုထဲကနေ ထိန်းချုပ်တော့မှာပါ။ Sony က ကုမ္ပဏီအတွင်းပိုင်းကို ပိုကောင်းအောင် ပြန်လည် ဖွဲ့စည်းလိုက်တာ ဖြစ်ပြီး ပြိုင်ဖက်တွေကို အရင်ကထက် ပိုယှဉ်ပြိုင်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဌာနတွေအတွက် ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ သုတေသနနဲ့ ဈေးကွက်ရှာဖွေမှုတွေကိုလည်း ပေါင်းစည်းမှာ ဖြစ်တဲ့အတွက် ပိုအားကောင်းလာသလို ပိုအကျိုးရှိလာမှာပါ။

PlayStation ဂိမ်းစက်ထုတ်လုပ်ပေးတဲ့ Sony Interactive Entertainment ကတော့ သီးခြား ဌာနအဖြစ် တည်ရှိနေမှာ ဖြစ်ပြီး Sony ရဲ့ ဌာနတွေထဲမှာ အကျိုးအမြတ်အများဆုံး ဖြစ်နေပါတယ်။ Sony ရဲ့ Image Sensor ဌာနနဲ့ Professional Equipment ဌာန (စတူဒီယိုအတွက် ကင်မရာနဲ့ Broadcast Equipment စတာတွေထုတ်လုပ်ပေးတဲ့) တွေကတော့ သီးခြား ရပ်တည်နေမှာဖြစ်ပါတယ်။ Sony ရဲ့ တခြား လုပ်ငန်းတွေ ဖြစ်တဲ့ ဂီတနဲ့ ရုပ်ရှင်၊ ဆေးပညာတွေဟာ ပြန်လည် ဖွဲ့စည်းတဲ့ထဲမှာ မပါပါဘူး။

Sony က “ Sony Electronics Corporation ကို တည်ထောင်လိုက်တဲ့အတွက် Sony ဟာ ဖွဲ့စည်းပုံ၊ ကျွမ်းကျင်မှုတွေကို ပြန်လည် စုဖွဲ့နိုင်ပြီး လုပ်ငန်းတွေ အရှိန်မြှင့်နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ဖက်တွေကို ပို ယှဉ်ပြိုင်လာနိုင်မှာ ဖြစ်ပြီး လုပ်ငန်းအသစ်တွေ တည်ထောင်နိုင်မှာပါ။ “ လို့ ပြောပါတယ်။

Ref : gsmarena