Sony ကနေ ယခင်တုန်းက လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စတင်ပြုလုပ်သွားမယ့် Mobile World Congress (MWC 2020) Event မှာ Xperia စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်မယ့် Press Conference တစ်ခုကို စီစဥ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ လက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် MWC 2020 Event ကို ပါဝင်မှာမဟုတ်တော့ဘူးဆိုပြီး ကြေညာလိုက်ပါပြီ။

Sony ကနေ အခုလိုမျိုး ကြေညာလိုက်သလိုမျိုးပဲ အစောပိုင်းကလည်း LG ၊ ZTE ၊ Ericsson ၊ Nvidia နဲ့ Amazon လိုမျိုး ကုမ္ပဏီကြီးတွေကလည်း MWC 2020 Event ကို ပါဝင်ခြင်းမရှိတော့ဘူးဆိုပြီး ကြေညာခဲ့ပါသေးတယ်။ အဲ့ဒီအတွက် ပွဲကျင်းပဖို့နီးကပ်လာတာနဲ့အတူ ပါဝင်မယ့် ကုမ္ပဏီတွေကလည်း တဖြည်းဖြည်းနည်းပါးလာတယ်လို့တောင် ပြောလို့ရပါတယ်။

Sony ရဲ့ ပြောကြားချက်အရတော့ ဝူဟန်ဗိုင်းရပ်စ် လို့လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ် (coronavirus) ကို WHO ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က အရေးပေါ်အခြေအနေထုတ်ပြန်လိုက်ထဲက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး အခုဆုံးဖြတ်ချက်ဟာလည်း Customer တွေ၊ Partner ၊ Media နဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက်ဦးစားပေးဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Sony ဟာ အစောပိုင်းစီစဥ်ထားတဲ့ Press Conference ကိုတော့ ယခင်သတ်မှတ်ထားတဲ့အချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ 8:30AM CET မှာပဲ ပြုလုပ်သွားမှာဖြစ်ပေမယ့် Offline Conference အစား Online သီးသန့်အနေနဲ့ပဲ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ဝူဟန်ဗိုင်းရပ်စ်ဟာ ကူးစက်ခံရသူ အယောက် ၄၀,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၉၀၀ ကျော်သွားပြီဖြစ်တဲ့အတွက် Sony ရဲ့ ဆုံးဖြတ်ချက်ကို မှန်ကန်တယ်လို့ ပြောရမှာပါ။

Ref – Android Authority