Sony ကနေ Next Gen Console တစ်ခုဖြစ်လာမယ့် PlayStation 5 ကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ထဲက မိတ်ဆက်ဖို့ စီစဥ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း US နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကြောင့် ရက်ကို ရွေ့ဆိုင်းခဲ့ပါတယ်။

အခုအချိန်မှာတော့ Sony ကနေ PlayStation 5 ကို ပြန်လည်မိတ်ဆက်သွားမယ့်အချိန်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ Sony ရဲ့ ကြေညာချက်အရ PS5 ကို လာမယ့် ဇွန်လ ၁၁ ရက်နေ့ 1PM Pacific Time (မြန်မာစံတော်ချိန် ဇွန်လ ၁၂ ရက်နေ့ မနက် ၂ နာရီခွဲ) မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အစောပိုင်းတုန်းက Sony Interactive CEO Jim Ryan ရဲ့ ပြောကြားချက်အရ အဆိုပါ Event ဟာ အချိန်အားဖြင့် ၁ နာရီကျော်ဝန်းကျင်လောက်ကြာမြင့်မှာဖြစ်ပါတယ်။

Sony PlayStation 5 Launch Event ဟာ Full HD 30fps Resolution နဲ့ Pre-recorded ပြုလုပ်ထားပြီးသားကိုပဲ လွှင့်မှာဖြစ်ပြီး အခုလိုမျိုး ပြုလုပ်ရတာကလည်း COVID-19 ဗိုင်းရပ်စ်ကြောင့် အိမ်ကနေအလုပ်လုပ်ကိုင်နေရတဲ့သူတွေအဆင်ပြေအောင် ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ Sony Interactive Content Communications ရဲ့ Senior Director ဖြစ်တဲ့ Sid Shuman ရဲ့ ပြောကြားခဲ့ရတော့ ဇွန်လ ၁၁ ရက်နေ့မှာ တွေ့ရမယ့် PS5 Games တွေဟာ တကယ့် 4K TV နဲ့ဆော့ကစားတဲ့အချိန်မှာ ပိုပြီးတောင် ကောင်းမွန်နေမှာဖြစ်တယ်ဆိုပြီး ကြွားလုံးထုတ်ထားပါသေးတယ်။

Sony PlayStation 5 ဟာ Design ပုံစံကိုတော့ မသိရှိရသေးပေမယ့် Logo ၊ DualSense Controller နဲ့ Specs တွေကတော့ ပေါက်ကြားခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ PS5 ဟာ Custom 8-Core AMD Zen 2 CPU ၊ Custom AMD RDNA 2-based GPU ၊ 16GB GDDR6 RAM ၊ 5.5GB/s Performance အထိရှိမယ့် 825GB SSD တွေပါဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Sony PlayStation 5 ကို စောင့်မျှော်နေတဲ့သူတွေအနေနဲ့ မကြာခင်မှာ တရားဝင်မြင်ရတော့မှာပါ။

Ref – The Verge